ဥရောပအထည်ချုပ်လုပ်ငန်းကြီး Lidl မြန်မာပြည်မှ ထွက်မည်

ဥရောပအထည်ချုပ်လုပ်ငန်းကြီး Lidl မြန်မာပြည်မှ ထွက်မည်

ဥရောပအထည်ချုပ်လုပ်ငန်းကြီး Lidl မြန်မာပြည်မှ ထွက်မည်

ဟန်သစ်    December 16, 2023

မြန်မာစက်ရုံများတွင် အဝတ်အထည်အပ်နှံမှုကို ၂၀၂၅ ခုနှစ်တွင် ရပ်ဆိုင်းတော့မည်ဟု ဂျာမန်ကုမ္ပဏီ Lidl က ပြောဆိုကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Sourcing Journal ၏ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ဖော်ပြထားသည်။ လုပ်ငန်းများကို ၂၀၂၅ ခုနှစ် နောက်ဆုံးထားပြီး “တဖြည်းဖြည်းချင်း ရပ်ဆိုင်းမည်” ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ကောင်စီလက်ထက်တွင် များစွာဖြစ်ပေါ်နေသည်ဟု အစီရင်ခံစာများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် Lidl ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ “Lidl ဟာ မြန်မာနဲ့ အခြားနိုင်ငံတွေက အလုပ်သမားတွေ၊ အလေးအနက်ထား ချုပ်လုပ်ပေးနေတဲ့ စက်ရုံတွေအပေါ် တာဝန်ခံမှုရှိစွာ လုပ်ဆောင်တာပါ။ ဒီထုတ်လုပ်မှုအဆင့်ဆင့်မှာ လူမှုစံနှုန်းတွေကို လိုက်နာဖို့ နှစ်ပေါင်းများစွာကတည်းက ကတိကဝတ် ပြုထားတာဖြစ်ပါတယ်” ဟု Lidl ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အထက်ပါ သတင်းဌာနကို ပြောသည်။ တန်ဖိုးသင့် လက်လီအရောင်းဆိုင်ခွဲ ၁၂၀၀၀ ကျော် ကမ္ဘာတစ်ဝန်းဖွင့်လှစ်ထားသည့်၊ ဥရောပ၏ အကြီးဆုံးအထည်အလိပ်လုပ်ငန်း Schwarz Group ပိုင်ဆိုင်သည့် Lidl ၏ ယခုလုပ်ဆောင်မှုကြောင့် မြန်မာအလုပ်သမားများအပေါ်လည်း  သက်ရောက်မှုရှိမည်ဖြစ်သည်၊ သို့သော် အပြောင်းအလဲကောင်းအတွက် ဆုံးဖြတ်ချက်ချရခြင်းဖြစ်သည်ဟုလည်း Lidl ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ “မြန်မာနိုင်ငံရဲ့ နိုင်ငံရးအခြေအနေက ပိုဆိုးရွားလာတော့ လူ့အခွင့်အရေးတွေကို လိုက်နာဖို့ လုပ်ရကိုင်ရ အတော်လေး စိန်ခေါ်မှုများလာတယ်” ဟု သူက ပြောသည်။ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသည့် လုပ်ငန်းများ ရုပ်သိမ်းထွက်ခွာကြရန် ကမ္ဘာ့အလုပ်သမားသမဂ္ဂက တောင်းဆိုထားရာ Lidl သည် ထိုတောင်းဆိုမှုကို လိုက်နာသွားရန် ဆုံးဖြတ်လိုက်သည်ဟုလည်း Lidl ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ MG Garment, Hakers Enterprise Myanmar, Myanmar Taieasy Textile, Dong Long (Pathein) Garment Company, Jiashihao (Myanmar), Twinkle Light Myanmar စသည့် အထည်ချုပ်စက်ရုံ ၆ ရုံက Lidl အမှတ်တံဆိပ်ကို ထုတ်လုပ်ပေးနေကြောင်း သိရသည်။ ထိုစက်ရုံများသည် နိုဝင်ဘာ ၂၂ က ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့ Business & Human Rights Resource Centre ၏ အစီရင်ခံစာပါ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ဖြစ်ပွားသည့် စက်ရုံစာရင်းတွင် ပါဝင်နေသည်။ ထိုအစီရင်ခံစာထုတ်ပြန်ချိန်တွင်​ Lidl အမှတ်တံဆိပ် ချုပ်လုပ်ခဲ့ဖူးသော စက်ရုံ ၆ ရုံသည်လည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် စက်ရုံများတွင် ပါဝင်သည်။ ၎င်းတို့မှာ ချိုးဖောက်မှုစာရင်း ၈ ကြိမ်အထိ ပါဝင်နေသော Myanmar Guotai Huasheng Glory Fashion စက်ရုံအပါအဝင် Shinsung Garment, Myanmar Knitting Factory, Sung Bo Garment Factory Popular Garment နှင့် GTIG Eastar Garment (Myanmar) Company Limited စသည့် စက်ရုံများပါဝင်သည်ကို တွေ့ရသည်။ ဂျာမဏီနိုင်ငံပိုင် Das Erste’s ရုပ်သံလိုင်း၏ “Panorama” သတင်းပရိုဂရမ်နှင့် Anti-Greenwashing အဖွဲ့အစည်း Flip တို့ ပူးပေါင်းစုံစမ်းထောက်လှမ်းမှုတစ်ခုအပြီးတွင် ဂျာမဏီကုမ္ပဏီ၏ ယခုဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်သည်။

မြန်မာပြည်ရှိ Lidl အတွက် ချုပ်လုပ်ပေးနေသော စက်ရုံတစ်ခုမှ အလုပ်သမားတစ်ဦးက Panorama နှင့် Flip တို့၏ စုံစမ်းမှုကို ဖြေကြားရာတွင် စားဖို့ပင် မလောက်သည့် လစာဖြင့် အလုပ်လုပ်နေရပြီး အလုပ်ရှင်စက်ရုံက အာဏာသိမ်းစစ်တပ်နှင့် ပေါင်း၍ ခြိမ်းခြောက်နေသည်ဟု ပြောဆိုထားသည်။ အာဏာသိမ်းပြီးနောက်တွင် မြန်မာစက်ရုံအလုပ်ရုံများ၌ အလုပ်သမားအခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံလာရချိန်တွင် ရင်းနှီးမြှုပ်နှံသူများသည် စစ်ကောင်စီကို တရားဝင်အောင် လုပ်ပေးနေသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ထားကြသည်။ တစ်ဖက်တွင် ယမန်နှစ်ကစတင်၍ ကမ္ဘာ့နာမည်ကျော် အမှတ်တံဆိပ်ကုမ္ပဏီကြီးများ တစ်ခုပြီးတစ်ခု မြန်မာနိုင်ငံမှ ထွက်ခွာလာခြင်းကြောင့် စက်ရုံအလုပ်ရုံများ ပိတ်ရနိုင်ကာ အလုပ်သမားများ ဝင်ငွေထိခိုက်မည့်အရေးက ရှိနေသည်။

မြန်မာ့အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားတို့၏ အခြေခံအခွင့်အရေးစံချိန်စံညွှန်းများ မရှိတော့ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုကို လိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ကုန်သွယ်ရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (Ethical Trading Initiative ETI) က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။ အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍတွင် ပထမအများဆုံးဖြစ်ပြီး နိုင်ငံတစ်ဝန်း စက်ရုံအလုပ်ရုံ ၇၀၀ ကျော် လည်ပတ်နေသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)၏ ပြဋ္ဌာန်းချက်များထဲမှ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ အချက်များကို ချိုးဖောက်ထားသည်ဟု ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာထုတ်ပြန်ထားသည်၊ ဒီဇင်ဘာလ မကုန်မီ ဖြေရှင်းခြင်းမရှိပါက စစ်ကောင်စီသည် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲခံရနိုင်ခြေရှိနေသည်။

ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးအစီရင်ခံစာ အထူးကဏ္ဍတွင် ဆယ်စုနှစ်ဝန်းကျင်ကတည်းက အလုပ်အကိုင်နှင့် ဝင်ငွေရရာ အဓိကလုပ်ငန်းဖြစ်သည့် အထည်ချုပ်စက်ရုံများသည် အာဏာသိမ်းပြီးနောက်  ပဋိပက္ခများ၊ သယ်ယူပို့ဆောင်စရိတ် မြင့်မားလာမှု၊ နိုင်ငံခြားငွေ လဲလှယ်မှုဆိုင်ရာ စည်းမျဉ်းများနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် နိုင်ငံတကာဈေးကွက်ကို ယှဉ်နိုင်စွမ်း လျော့သွားကာ လုပ်ငန်းရပ်တည်နိုင်ရေးသာ အဓိက အာရုံစိုက်နေရသည်ဟု သုံးသပ်ထားသည်။

စက်တင်ဘာလဆန်းပိုင်းတွင်မူ စစ်ကောင်စီက  အခြေခံလုပ်ခလစာတိုးပေးရန် ဆန္ဒပြတောင်းဆိုသည့် အထည်ချုပ်အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်သူ စုစုပေါင်း ၁၂ ဦးကို ခြွင်းချက်ဖြင့် ပြန်လွှတ်ပေးလိုက်သည်။ စစ်ကောင်စီက ၎င်းတို့ကို နှစ်လကျော် ဖမ်းဆီးထားပြီးနောက် ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးခြင်း ဖြစ်သည်။

Source>>> https://myanmar-now.org/mm/news/46954/