ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံနေရသော မြန်မာ့အလုပ်သမားအရေး လှုပ်ရှားမှု

ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံနေရသော မြန်မာ့အလုပ်သမားအရေး လှုပ်ရှားမှု

ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံနေရသော မြန်မာ့အလုပ်သမားအရေး လှုပ်ရှားမှု
Translate By Kyaw Kyaw Win

မြန်မာ့ဒီမိုကရေစီ အင်အားစုများ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တိုက်ပွဲဝင်လာသည်မှာ ၃ နှစ်‌ကျော် ဟူသော အချိန်အပိုင်းအခြားကို ရောက်ရှိလာပြီး သမဂ္ဂများမှာလည်း ဒီမိုကရေတိုက်ပွဲတွင် အရေးပါသော အစုအဖွဲ့ အဖြစ်ရှိရာ စစ်အစိုးရ၏ အပြင်းအထန် ဖိနှိပ်ခြင်းကို ရင်ဆိုင်နေရလေသည်။

မြန်မာနိုင်ငံရှိ ဒီမိုကရက်တစ်အင်အားစုများသည် တရုတ်နှင့် ရုရှားတို့ ပံ့ပိုးထားသော ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်များကို ဆန့်ကျင်တိုက်ခိုက်နေသည်မှာ သုံးနှစ်ကျော်ပြီဖြစ်သည်။

အလုပ်သမားသမဂ္ဂများသည် တော်လှန်ရေးလှုပ်ရှားမှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အလုပ်သမား တက်ကြွလှုပ်ရှား သူများသည် ပြင်းထန်သော လက်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်  IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်ကို စစ်အုပ်စုက ဖမ်း၀ရမ်းထုတ်ကာ နာမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြင့် ဒေါ်ခိုင်ဇာအောင်သည် ပြည်ပတွင် နေရန် ဖိအားပေးခံခဲ့ရသည်။

ဒေါ်ခိုင်ဇာအောင်သည် မိခင်နိုင်ငံရှိ အလုပ်သမားများ၏ အခွင့်အရေးနှင့် ဒီမိုကရေစီ လွတ်လပ်ခွင့်အတွက် တက်ကြွစွာ လှုံ့ဆော်လှုပ်ရှားသူဖြစ်ပြီး အပြည်ပြည်ဆိုင်ရာတွင် မြန်မာနိုင်ငံ အလုပ်သမား လှုပ်ရှားမှု၏ မျက်နှာဖုံးလည်း ဖြစ်လာခဲ့သည်။

ဒေါ်ခိုင်ဇာအောင်သည် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား ပေးအပ်သည့် လူသိများ သည့် နိုင်ငံတာကာ ဆုတစ်ခုဖြစ်သော (Arthur Svensson International Prize for Trade Union Rights) ဆုခေါ် (အလုပ်သမားသမဂ္ဂအခွင့်အရေးအတွက် အာသာဆီဗင်ဆမ် အပြည်ပြည်ဆိုင်ရာဆု) ကို  ချီးမြှင့်ခြင်းခံခဲ့ရသည်။ အောက်တွင်ဖော်ပြထားသည်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် ပြုလုပ်ခဲ့သော ဆုပေးပွဲအခမ်းအနားတွင် ဒေါ်ခိုင်ဇာအောင် ပြောခဲ့သော မိန့်ခွန်း ဖြစ်ပါသည်။

------------------------------------------------------------------------------------------------------------------------------------------

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကနေပြီး မြန်မာပြည်သူများအပေါ် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဖောက်ခွဲခြင်း၊ မရေမတွက်နိုင်သော ဖမ်းဆီးခြင်းတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခြင်းတွေ ပြုလုပ် ဖိနှိပ်ခဲ့ပါတယ်။ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များအပါအဝင် ပြည်သူလူထု ၈,၀၀၀ ကျော်ဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရပြီး နိုင်ငံဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာလည်း စစ်ဘေးဒဏ် ကြုံတွေ့နေရပါတယ်။

စာသင်ကျောင်းတွေ၊ ကျန်းမာရေးအဆောက်အအုံတွေ အပါအဝင် အိုးအိမ်တိုက်တာပေါင်း ၈၆,၀၀၀ ကျော်ဟာလည်း ဖြိုဖျက်ဆီးခံခဲ့ရပြီး ဖြစ်ပါတယ်။ စစ်အာဏာရှင်ဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းပေါင်း ၄ သိန်းကျော်ဟာလည်းပဲ အလုပ်အကိုင်နဲ့ ဝင်ငွေကို ဆုံးရှုံးခဲ့ရပါတယ်။ အလုပ်သမားများနှင့် သမဂ္ဂအဖွဲ့ဝင် ၅၀၀ ကျော်အပါအဝင် ပြည်သူလူထုပေါင်း ၂၆,၇၉၉ ဦးဟာလည်း တရားမဝင် ဖမ်းဆီးအကျဥ်းချထားခံရပါတယ်။

မြန်မာစစ်တပ်ဟာ မိမိရဲ့ ပြည်သူလူထုအပေါ် စစ်ကြေညာထားတာ သုံးနှစ်ကျော်လာပြီဖြစ်ပြီး ကမ္ဘာကြီးကလည်း သတိထားမိလာပါပြီ။ တကယ်တော့ ပြီးခဲ့တဲ့ နှစ်များစွာကတည်းက နော်ဝေးနိုင်ငံမှာ ခိုလှုံခဲ့ရတဲ့သူတွေ အများ အပြားကို မြင်တွေ့ရတာကိုက စစ်အာဏာရှင်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှုတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းကရှိခဲ့တယ်ဆိုတဲ့အချက်ရဲ့ သက်သေပါပဲ။ မြန်မာနိုင်ငံနဲ့ ပြည်သူများကို နိုင်ငံရေးအရ၊ ဘဏ္ဌာရေးအရ နှစ်ပေါင်းများစွာ ကူညီထောက်ပံ့ခဲ့ခြင်းနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရုပ်သံအား အော်စလိုမြို့တွင် ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့အတွက် နော်ဝေးပြည်သူများ၊ နော်ဝေးနိုင်ငံအစိုးရ၊ နော်ဝေးဘားမားကောင်စီ နဲ့ နော်ဝေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်တို့ကို ကျေးဇူးစကားပြောလိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အနေနဲ့ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဖိုရမ်မှ ထွက်ခွာခဲ့ပါတယ်။ ကျွန်ုမတို့ရဲ့ အဖွဲ့ဝင်များကို စုစည်း စည်းရုံး၍ ဘက်ပေါင်းစုံမှ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်များ နဲ့ အဖွဲ့ဝင်များက လမ်းမများပေါ်သို့ ထွက်ကာ သိန်းနှင့်ချီသော အလုပ်သမားများကို ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်မအပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ရဲ့ ဗဟိုကော်မတီဝင်တွေအားလုံးကို စစ်တပ်က ဖမ်းဝရမ်းထုတ်ထားပါတယ်။

ကျွန်မတို့ အားလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ ဖျက်သိမ်းခံထားရသလို နိုင်ငံတော်ပုန်ကန်မှုနဲ့လည်း အသီးသီး တရားစွဲခံထားရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုရုံးခန်းဟာလည်း စီးနှင်းခံရပြီး ရှိသမျှ အားလုံး ယူ‌ဆောင်သွားခြင်းခံခဲ့ရပါတယ်။ ကျွန်ုမတို့ရဲ့ မိသားစုဝင်အားလုံးဟာ အဆက်မပြတ် ခြိမ်းခြောက်ခံနေရပြီး နိုင်ငံကနေ စွန့်ခွာထွက်ပြေးဖို့ တွန်းအားပေးခံခဲ့ရပါတယ်။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တက်ကြွလှုပ်ရှားသူအများစုက သေသည်အထိ နှိပ်စက်ခြင်း ဒါမှမဟုတ် ပုန်းအောင်းနေရန် တွန်းအားပေးခြင်းခံရပါတယ်။

ကျွန်ုမတို့ရဲ့ အဖွဲ့အစည်းဟာ ၁၉၈၈ ခုနှစ်ကတည်းက စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့ အတွေ့အကြုံတွေရှိခဲ့ပါတယ်။ ဒီကနေ့ စစ်အစိုးရဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကစစ်အစိုးရထက် အများကြီး အားနည်းပြီး ဒီမိုကရက်တစ်အင်အားစုတွေက အများကြီး ပိုအားကောင်းလာတယ်ဆိုတာကို ကျွန်မတို့ အခိုင်အမာ ပြောနိုင်ပါတယ်။   ဒီမိုကရက်စီဘက်တော်သား လက်နက်ကိုင်တပ်ဖွဲ့များ ရဲ့ အချိတ်ဆက်မိ တိုက်ခိုက်မှု များကြောင့် မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ နယ်မြေတစ်ဝက်ကျော် ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ ကျွန်မတို့ အနိုင်ရနိုင်ပါတယ်၊ ကျွန်မတို့ နိုင်ပါလိမ့်မယ်။

သို့သော်ငြားလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက နိုင်ငံလွတ်မြောက်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့ ကျွန်ုမတို့ ပြည်သူတွေကို ကူညီပံ့ပိုးဖို့ တတ်စွမ်းသမျှ လုပ်ဆောင်နိုင်စွမ်းရှိတာကို အကောင်အထည်ဖော်ရပါမယ်။

ကတိမတည်သော စီးပွားရေး လုပ်ငန်းရှင် (အမှတ်တံဆိပ်များ) များ

စစ်တပ်သည် အလုပ်သမားများ၏ လူ့အခွင့်အရေးအားလုံးကို ငြင်းဆိုထားပြီး အထည်ချုပ် အလုပ်သမား များသည် စည်းရုံးရေးမှတဆင့် ၎င်းတို့၏ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရေးအတွက် လုပ်ဆောင် ရန် အခွင့်အလမ်းမရှိဘဲ တစ်ရက်လျှင် ဒေါ်လာ ၁.၅၀ ရရှိသည့် အခြေအနေသို့ တွန်းပို့ခံရသည်။

တစ်ချိန်တည်းမှာပဲ ဥရောပသမဂ္ဂ (EU) မှ ပံ့ပိုးထားတဲ့ Made in Myanmar (the Multi-stakeholder Alliance for Decent Employment in the Myanmar apparel industry) စီမံကိန်းအောက်မှာ သမဂ္ဂ အတုများစွာ ပေါ်လာပါတယ်။ Made in Myanmar စီမံကိန်းဟာ ဥရောပသမဂ္ဂ ရဲ့ အမဲစက်တစ်ခုဖြစ်ပြီး ချက်ချင်း ရပ်တန့်ဖို့လည်း လိုအပ်ပါတယ်။ ဒါဟာ နိုင်ငံတကာနာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ “အလုပ်အကိုင် ဖန်တီး ပေးမှု” ဆိုတဲ့ ‌ခေါင်းဆောင်းအောက်က မြန်မာပြည်ရဲ့ စျေးပေါတဲ့ အလုပ်သမားစျေးကွက်ကနေ အကျိုးအမြတ် ရှာတာက လွဲရင်ဘာမှမဟုတ်ပါဘူး။ သူတို့ ဖန်တီးပေးတဲ့ အလုပ်အကိုင်ဆိုတာ ကျွန်သာသာ အလုပ်အကိုင် ဖြစ်ပါတယ်။

စစ်မှန်တဲ့ အလုပ်သမားသမဂ္ဂတွေကို ဖွဲ့စည်းလိုတဲ့ ဖွဲ့စည်းဖို့ ကြိုးစားတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ သူတို့ မိသားစုဝင်တွေဟာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညဥ်းပန်းနှိပ်စက်ခြင်း၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံခဲ့ရခြင်း စတဲ့ အခြေအနေများကို ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရပါတယ်။ အထည်ချုပ်စက်ရုံများစွာက အလုပ်သမားတွေဟာ ဥရောပက ဝယ်သူတွေအတွက် ကျွန်သာသာ ဘဝနဲ့ မဝ‌ရေစာ လုပ်ခလေးရယ်နဲ့ တစ်ရက်ကို ၁၆ နာရီထက်ပိုအောင် လုပ်ကိုင်နေရပါတယ်။ နိုင်ငံတကာဖက်ရှင် အမှတ်တံဆိပ်တွေရဲ့ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းလျှော့ချဖို့အတွက် အလုပ်ကိုင်အခွင့်အလမ်း ရက်ရောစွာ ဖန်တီးပေးတယ်ဆိုတာ သိသာတဲ့ အလိမ်အညာပါပဲ။ တကယ်တမ်းတော့ ဒါဟာ လုပ်အားခ ‌ စေ◌ျးပေါပေါရနေတဲ့ အခြေအနေကို အသုံးချနေတာပါပဲ။

ဒီလို အကြမ်းဖက်စစ်အာဏာရှင်လက်အောက်မှာ “heightened due diligence” “စီစစ်ကြပ်မတ်ရေး” ဆောင်ရွက်နေပါတယ်ဆိုတဲ့ ပြောဆို ဆွေးနွေးမှုတွေဟာ အပေါ်ယံ လူကြားကောင်းအောင် ပြောနေတာထက် မပိုပါဘူး။ သူတို့စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ သင့်တင့်ကောင်းမွန်တဲ့ အလုပ်အကိုင်ဖြစ်စေဖို့အတွက် ကြိုးပမ်းခဲ့တဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို မရေမတွက်နိုင်သော ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို တားဆီးပေးခဲ့တဲ့ ကုန်အမှတ်တံဆိပ် (Brand) တစ်ခုလောက် ကျွန်မကို ပြစမ်းပါ။ ဘယ်အမှတ်တံဆိပ်မှ တားဆီးမပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါ။ ကုန်အမှတ်တံဆိပ်တွေကလည်း စီစစ်ကြပ်မတ်ရေးတွေ ပြောနေပေမယ့် သူတို့ရဲ့ နာမည်ခံ “တာဝန်ယူမှုရှိသော စီးပွားရေးအမူအကျင့်” ဆိုတာလည်း စစ်အာဏာရှင် လက်အောက်မှာ မဖြစ်နိုင်ပါဘူး။

နိုင်ငံထဲက ကမ္ဘာကျော်တံဆိပ်တွေ ဥပမာ ဒိန်းမတ်နိုင်ငံမှ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Bestseller ဆိုရင် အလုပ်သမားသမဂ္ဂအခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကို လက်ခံထားပါတယ်။ အမှတ်တံဆိပ်တွေက စစ်တပ်ကို အခွန်ဆောင်ခြင်း၊ ဆပ်ကြေးပေးခြင်းအားဖြင့် ဒီချိုးဖောက်မှုတွေကို ပိုပြီးတောင် အားဖြည့်ပေးနေသေးပါတယ်။ ဒါဟာ စစ်အစိုးရကို ငွေကြေးအရ ထောက်ပံ့ခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် အမှတ်တံဆိပ်တွေ ထပ်ပြီးတော့ ဆင်ခြေတွေ ပေးမနေတော့ဘဲ မြန်မာနိုင်ငံထဲကနေ ချက်ချင်းကို တာဝန်သိစွာ ထွက်သွားဖို့ လိုပါတယ်။

ILO တွင် ဆောင်ရွက်နေသည့် လှုံ့ဆော်လှုပ်ရှားမှုများ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) က မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေးခိုင်းစေမှု (ပြဌာန်းချက်အမှတ် ၂၉) နှင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် (ပြဌာန်းချက်အမှတ် ၈၇) တို့အပေါ် ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ၎င်းကော်မရှင်ရဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ အတည်ပြုခဲ့တဲ့ အစီရင်ခံစာမှာ ILO ၏ ပြဌာန်းချက်များ အမှတ် (၂၉) နဲ့ (၈၇)ကို လိုက်နာရမည့် မြန်မာနိုင်ငံ၏တာဝန်ကို စစ်တပ်အာဏာပိုင်များက ချိုးဖောက်ခဲ့ကြောင်း အတည်ပြုဖော်ပြထားပါတယ်။ ILO အုပ်ချုပ်ရေးအဖွဲ့ကနေပြီး ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၃ ၏ မူဘောင်အတွင်း အရေးယူဆောင်ရွက်ဖို့လည်း အကြံပြုထားပါတယ်။ အလုပ်သမားသမဂ္ဂများသာမက ILO တွင် ပါဝင်သည့် အလုပ်ရှင်များနှင့် အစိုးရများလည်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ နိဂုံးချုပ်မှာ ဖော်ပြထားတဲ့အတိုင်း  ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးကို လိုလားတဲ့ ကျွန်မတို့ အလုပ်သမားသမဂ္ဂသမားတွေက  ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အစိုးရကို ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားမှာပါ။ ဒီတိုက်ပွဲအတွင်း မှာ  နိုင်ငံတကာ သမဂ္ဂ လှုပ်ရှားမှုရဲ့  ပံ့ပိုးကူညီမှုအင်အားအတွက်လည်းပဲ အထူး ကျေးဇူးတင်ရှိပါတယ်။ စစ်တပ်ကို တတ်နိုင်သမျှ မြန်မြန်အမြစ်ဖြတ်ဖယ်ရှားဖို့ လူကြီးမင်းတို့ရဲ့ သွေးစည်းညီညွတ်မှု နဲ့ နိုင်ငံရေးအရ၊ ဘဏ္ဌာရေးအရ ဆက်လက် ပံ့ပိုးကူညီမှုများ လိုအပ်ပါတယ်။

အဓမ္မ စစ်မှုထမ်းစေခြင်း

၂၀၂၃ ခုနှစ် အောက်တိုဘာလမှည ကမ္ဘာ့ကုလသမဂ္ဂ သတင်းဌာနက ILO စုံစမ်းရေး ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံခဲ့ပါတယ်။ အကြံပြုတိုက်တွန်းချက်တွေကတော့ စစ်တပ်အာဏာပိုင်များအနေနဲ့ အကြမ်းဖက်မှု၊ ညဥ်းပန်းနှိပ်စက်မှု နဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေအပေါ် လူသားမဆန်စွာ ဆက်ဆံမှု အားလုံးကို ရပ်တန်းကရပ်ဖို့၊ ၎င်းတို့ရပိုင်ခွင့်ဖြစ်သည့် ပြည်သူ့လွတ်လပ်ခွင့်များနှင့်၊ တရားဝင် သော အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသော အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ အပေါ် ဆွဲဆိုထားတဲ့ဆွဲချက် အားလုံးကို ရုပ်သိမ်းဖို့၊ အာဏာသိမ်းပြီးကတည်းက ဆိုင်းငံ့ထားသော အခြေခံပြည်သူ လူထုလွတ်လပ်ခွင့်တွေကို အပြည့်အဝ ပြန်ပေးဖို့ပဲ ဖြစ်ပါတယ်။

အဆိုပါ အကြံပြုချက်တွေမှာ မြန်မာစစ်တပ်နဲ့ ၎င်းရဲ့လက်အောက်ခံ ဆက်စပ်တပ်ဖွဲ့များမှ ပြည်သူလူထုအား အတင်းအဓမ္မ သို့မဟုတ် မလုပ်မနေရ လုပ်အားပေးခိုင်းစေခြင်း အပါအဝင် နည်းမျိုးစုံဖြင့် ခိုင်းစေခြင်း၊ နှင့် စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် အဓမ္မစစ်သားစုဆောင်ခြင်းတို့ကို ရပ်ဆိုင်းရန် တိုက်တွန်းထားပါတယ်။ ဒီလောက်ပြောနေတုန်းမှာပဲ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ စစ်မှုမထမ်းမနေရဥပဒေကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဥပဒေအသစ်အရ အသက်ဆယ့်ရှစ်နှစ်ကနေ သုံးဆယ့်ငါးနှစ်ကြား အမျိုးသားအားလုံးနဲ့ အသက်ဆယ့်ရှစ်နှစ်ကနေ နှစ်ဆယ့်ခုနစ်နှစ်ကြား အမျိုးသမီးများအားလုံး နှစ်နှစ်တိတိ စစ်မှုထမ်းရမယ်လို့ ပြဌာန်းလိုက်ပါတယ်။  ဒါ့အပြင် ဆရာဝန်တို့လိုမျိုး ပညာရှင်တွေဆိုရင် အသက်လေးဆယ့်ငါးနှစ်အထိ စစ်မှုထမ်းရမယ့်သူစရင်းထဲ အကျုံးဝင်ပြီး ၃ နှစ် တာဝန် ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ စနစ်အား စစ်အစိုးရရဲ့ “အားနည်းနေမှုနှင့် စိတ်ပျက်အားငယ်ခြင်း” လက္ခဏာတစ်ရပ်အဖြစ် ရှုတ်ချခဲ့ပါတယ်။

ထိရောက်သော အလုံးစုံစီးပွားရေးပိတ်ဆို့မှု လိုအပ်

အထက်ဖော်ပြပါ အဖြစ်အပျက်တွေကို သတိပြုမိရင် မြန်မာ့အရေးဟာ  ဆုံးဖြတ်ချက်တွေ ချမှတ်နေခြင်း တစ်ခုတည်းနဲ့ အဖြေရှာလို့ရမှာ မဟုတ်ဘူးဆိုတာ အထင်အရှားပါပဲ။ ဆုံးဖြတ်ချက်များ နောက်ဆက်တွဲအနေဖြင့် စီးပွားရေး ပိတ်ဆို့မှုဖြင့် အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒါက  စစ်အာဏာရှင်ကို အဆုံးသတ်နိုင်တဲ့ တစ်ခုတည်းသော အကြမ်းမဖက်လှုပ်ရှားမှု ဖြစ်ပါတယ်။

ကျွန်မဟာ မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေတင်မကဘဲ အကြမ်းမဖက် အာဏာဖီဆန် ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျွန်မတို့နဲ့ တူတူတိုက်ပွဲဝင်နေတဲ့ လူငယ်နဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ၊ နိုင်ငံတစ်ဝန်းက သပိတ်ကော်မတီတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ ဆရာဝန်၊ ကျောင်းဆရာ၊ သူနာပြုတို့လို နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်တဲ့ ဒီမိုကရေစီ ဘက်တော်သား အဖွဲ့အစည်းပေါင်း ၁၈၃ ခုကို ကိုယ်စားပြုပါတယ်။ ကျွန်မတို့ အားလုံးရဲ့ ဘုံတောင်းဆိုချက်တွေဟာ -

· မြန်မာနိုင်ငံသို့ လက်နက်များ ရောင်းချမှုကို လုံးဝ ပိတ်ပင်ရန်၊

· US နှင့် UK စနစ် ကို အသုံးပြု၍ နိုင်ငံခြားငွေကို အဓိကစုဆောင်း‌ပေးသည့် စစ်တပ်မှ ထိန်းချုပ်ထားသော နိုင်ငံပိုင် ဘဏ်သုံးခုကို ပိတ်ဆို့ခြင်းဖြင့် ဥပဒေမှတစ်ဆင့် အရေးယူရန်။ (ထိုနည်းဖြင့် အလုံးစုံ စီးပွားရေး ပိတ်ဆို့ရန်)

· အာမခံကုမ္ပဏီများနဲ့ ဖက်ရှင်အမှတ်တံဆိပ်များ အပါအဝင် နိုင်ငံတကာ ကုမ္ပဏီများ မြန်မာပြည်မှ တာဝန်သိစွာ ထွက်ခွာရန်။

· သင်္ဘောကုမ္ပဏီများအနေဖြင့် လက်နက်နှင့် စစ်သုံးယာဉ်များနဲ့ လေယာဉ်များအတွက် လောင်စာဆီကဲ့သို့ နှစ်မျိုးသုံး ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့ခြင်းကို ရပ်တန့်ရန်။

· ဥ‌ရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ ပေးထားသည့် လက်နက်မှ လွှဲ၍ အခြားကုန်ပစ္စည်းများကို အခမဲ့ ကုန်သွယ်ခွင့် အခွင့်အရေး (“Everything But Arms” – EBA) အထူးကုန်သွယ်ခွင့်အခွင့်အရေးကို  ရုတ်သိမ်းပေးရန်။

ဥရောပသမဂ္ဂ ရဲ့ EBA အစီအစဉ်ဟာ အဆင်းရဲဆုံးသောနိုင်ငံတွေကို ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေအပေါ် တန်ဖိုးထားမှုကို မြှင့်တင်ဖို့ ကုန်သွယ်မှုမက်လုံးအနေနဲ့ ပေးရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ EU ဥရောပသမဂ္ဂဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံမှ ဦးစားပေး အစီအစဉ်အချို့ကို အလုပ်သမားအခွင့်အရေး အပေါ် လေးစားမှု မရှိခြင်းကြောင့်လိုဆိုပြီး ရုတ်သိမ်းခဲ့ပေမယ့် မြန်မာနိုင်ငံအတွက် EBA အထူးအခွင့်အရေးကို အပြည့်အဝ ပေးထားတုန်း ဖြစ်ပါတယ်။

ဒါ့ကြောင့် အဲ့ဒီအစီအစဥ်ကို ဆက်လက်ထိန်းသိမ်းထားခြင်းအားဖြင့် ဥရောပသမဂ္ဂ အနေနဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားတဲ့၊ စက်မှုဇုန်တွေကို စစ်အုပ်ချုပ်ရေး ဇုန်အဖြစ် သတ်မှတ်ထားတဲ့၊ စစ်မှန်တဲ့ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေကို ဖမ်းဆီးသတ်ဖြတ် ညဥ်းပမ်းနှိပ်စက်နေတဲ့ နိုင်ငံမှာ “စီစစ်ကြပ်မတ်ရေး” ဆိုတာကို အကောင်အထည်ဖော်ဖို့ဆိုတာ ဖြစ်နိုင်သေးလို့ ပြသနေခြင်းဖြစ်ပါတယ်။ ဥရောပသမဂ္ဂ အနေနဲ့ EBA ကုန်သွယ်မှု ဦးစားပေး အစီအစဥ်ကို မြန်မာနိုင်ငံအတွက် ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် မြန်မာစစ်တပ်ကို ထောက်ပံ့နေခြင်းကို ရပ်တန့်ဖို့ လိုပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြုပြီး ကျွန်မတို့ရဲ့ လွတ်မြောက်ရေးတိုက်ပွဲအတွက်တတ်နိုင်သမျှ ထောက်ပံ့ရပါမယ်။

Global Labour Column မှ ပြန်လည်ထုတ်ဝေပြီး ဆီလျော်အောင် ဘာသာပြန်ပါသည်။

ပါဝင်သူများ

‌ဒေါ်ခိုင်ဇာအောင်သည် မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ အမှုဆောင်ကော်မတီဝင်လည်းဖြစ်ကာ မြန်မာအလုပ်သမား မဟာမိတ်အဖွဲ့  Myanmar Labour Alliance အဖွဲ့ဝင်လည်းဖြစ်သည်။

Source >>> https://www.myanmarlabournews.com/posts/ရက်စက်ကြမ်းကြုတ်စွာ-ဖိနှိပ်ခံနေရသော-မြန်မာ့အလုပ်သမားအရေး-လှုပ်ရှားမှု