ဖက်ရှင်အမှတ်တံဆိပ် Brands များ၏ မြန်မာနိုင်ငံတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း OECD ၏ တိုင်ကြားရေး ယန္တယားအသုံးပြု၍ IndustriALL ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂမှ တိုင်ကြား
IndustriALL ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ (IndustriALL Global Union) သည် အဓိက ဖက်ရှင်အမှတ်တံဆိပ်ကြီး ၃ ခု ဖြစ်သော Next, New Yorker နှင့် LPP တို့အား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း Organization for Economic Co-operation and Development - OECD ၏ အမျိုးသား ဆက်သွယ်ရေး အဖွဲ့ National Contact Points (NCPs) ထံတိုင်ကြားခဲ့သည်။ မြန်မာစစ်တပ် လက်အောက်တွင် မြန်မာနိုင်ငံတွင်း အလုပ်သမားအခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေမှုများမှာ ထင်ရှားစွာရှိနေသော်လည်း အဆိုပါအမှတ်တံဆိပ်များသည် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ ဆက်လက်မှာယူကာ အလုပ်သမားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြားမှ အကျိုးအမြတ် ရယူနေကြခြင်းဖြစ်သည်။
IndustriALL ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ မှ မြန်မာနိုင်ငံ စစ်အာဏာရှင်၏ ပိတ်ဆို့ခြင်းခံထားရသော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM တို့ဖြင့် ပူးပေါင်းကာ Next, New Yorker နဲ့ LPP အမှတ်တံဆိပ်များအား ယူကေ၊ ဂျာမနီ၊ နယ်သာလန် နှင့် ပိုလန်နိုင်ငံများမှ OECD ၏ အမျိုးသား ဆက်သွယ်ရေး အဖွဲ့များထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တိုင်ကြားရသည့် အကြောင်းအရင်းများမှာ အဆိုပါ ကုမ္ပဏီများသည် OECD မှ ပြဠာန်းထားသော နိုင်ငံစုံစီးပွားရေးလုပ်ငန်းများ (MNCs) အတွက် လိုက်နာရန်ကျင့်ဝတ်များနှင့် အလုပ်သမားနှင့် လူ့အခွင့်အရေးများအပေါ် လေးစားတာဝန်ယူရန် လမ်းညွှန်ချက်များကို ချိုးဖောက်ခြင်းကြောင့် ဖြစ်သည်။
"မြန်မာနိုင်ငံမှာ ဆက်လက်လည်ပတ်နေတဲ့ အမှတ်တံဆိပ်တွေဟာ အကြောက်တရား ၊ အဓမ္မခိုင်းစေမှုနှင့် ခေါင်းပုံဖြတ်မှုများဆီက အကျိုးအမြတ်ရနေပါတယ်။ နိုင်ငံတွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ပြန့်စွာ ဖြစ်ပွားနေပြီး လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် လုံးဝ မရှိကြောင်း အပြည့်အစုံ ပါဝင်တဲ့ အစီရင်ခံစာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ စစ်ဆေးကြပ်မှတ်မှုတွေ အတွက် အလုပ်သမားတွေရဲ့ ပါဝင်မှုနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေ လိုအပ်ပါတယ်။ စစ်အာဏာပိုင်အုပ်ချုပ်ရေးအောက်မှာတော့ ဒါတွေဟာ မဖြစ်နိုင်ပါဘူး။" ဟု IndustriALL အထွေထွေအတွင်းရေးမှူး Atle Høie က ပြောကြားသည်။
စီးပွားရေးပြိုလဲနေသော မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းသည် စစ်အစိုးရ၏ နိုင်ငံခြားဝင်ငွေ ရှာဖွေရန် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ထိုစစ်တပ်က အလုပ်သမားသမဂ္ဂများကို ပိတ်ပင်ခြင်းနှင့် ခေါင်းဆောင်များအား ဖမ်းဆီးခြင်းတို့ ကိုလုပ်ဆောင်နေသဖြင့် လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့ခွင့်ပျောက်ဆုံးကာ အလုပ်သမားသမဂ္ဂများ ၊ အဖွဲ့အစည်းများမှာ ၎င်းတို့၏ လှုပ်ရှားမှုများကို ဆက်လက်မလုပ်နိုင်ဖြစ်နေသည်။ အဓမ္မခိုင်းစေခြင်းများ ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုခြင်းများ၊ အလုပ်အကိုင် မတည်ငြိမ်မှု တိုးလာခြင်းများနှင့် လုပ်ခမလုံလောက်များရှိနေကြောင်း အစီရင်ခံချက်များလည်း ထွက်ပေါ်ထားပါသည်။
စီးပွားရေးနှင့်လူ့အခွင့်အရေးအရင်းအမြစ်စင်တာ Business & Human Rights Resource Centre – BHRRC က ထုတ်ပြန်သော မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု ဇယား အရ ယခုနှစ် ဇွန်လကုန်အထိ နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ်များနှင့် ဆက်နွယ်နေသော စက်ရုံနှင့်အလုပ်ရုံ ၂၆၆ ခုတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ၅၅၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"နိုင်ငံစုံမှ ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီများ (MNCs) ရဲ့ မြန်မာနိုင်ငံမှာ တည်ရှိနေမှုဟာ ဆိုးရွားလှတဲ့ အလုပ်သမားနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အပံ့ဖြစ်စေလို့ သူတို့ကို မြန်မာပြည်ကနေ ထွက်သွားဖို့ ကျွန်မတို့ တိုက်တွန်းနေခဲ့တာပါ။ မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်အောက်မှာ ရောက်နေတဲ့ နိုင်ငံ၊ စက်မှုဇုန်တွေဟာ စစ်အုပ်ချုပ်ရေးအောက် ရောက်နေတဲ့ နိုင်ငံ၊ လွတ်လွပ်စွာ သင်းပင်းဖွဲ့စည်းပိုင်ခွင့်ဟာလည်း ပိတ်ပင်ခံထားရတဲ့ နိုင်ငံမှာ ဖက်ရှင် အမှတ်တံဆိပ်တွေဟာ OECD ရဲ့ လမ်းညွန်ချက်တွေနဲ့ အလုပ်သမားအခွင့်အရေး စီစစ်ကြပ်မှတ်မှုတွေကို လိုက်နာချင်ယောင်ဆောင်ကြပါတယ်။ ILO စုံစမ်းစစ်ဆေးရေး ကော်မရှင်က မြန်မာနိုင်ငံတွင်း အဓမ္မခိုင်းစေမှုများနဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ပြင်းထန်စွာ ချိုးဖောက်မှုတွေကို စုံစမ်းအတည်ပြုခဲ့ပေမယ့်လည်း အဆိုပါ ကုမ္ပဏီတွေက နိုင်ငံတကာလမ်းညွန်ချက်တွေနဲ့ ILO ရဲ့ ပဠိညာဉ်တွေကို လျစ်လျူရှုပြီး မြန်မာပြည်မှာ ဆက်လက်လည်ပတ်နေကြပါတယ်" ဟု မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် က ပြောသည်။
IndustriALL သည် အမှတ်တံဆိပ်များ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုတ်နှံမှုများကို တာဝန်ယူမှုဖြင့် ပြန်လည်ရုတ်သိမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေပြီး ၂၀၂၂ ခုနှစ်တွင် IndustriALL နှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသည့် အထည်အမှတ်တံဆိပ်များအကြား ဆွေးနွေးပွဲများကျင်းပခဲ့ပြီး “အမှတ်တံဆိပ်များ၏ မြန်မာနိုင်ငံမှ တာဝန်ခံမှုရှိစွာ စီးပွားရေး ရုတ်သိမ်းခြင်းဆိုင်ရာ မူဝါဒမှုဘောင်များ” ကို ချမှတ်ခဲ့ရာ Primark, New Look, Inditex, H&M, Lidl နှင့် Fast Retailing အမှတ်တံဆိပ်တို့က ယင်း မူဝါဒများ ကို သဘောတူခဲ့ပါသည်။
" အလုပ်သမားအခွင့်အရေးကို စနစ်တကျချိုးဖောက်နေတာတွေက သိသာထင်ရှားတဲ့ သက်သေနဲ့တကွ မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဒါကို မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ အမှတ်တံဆိပ်တွေ လျစ်လျူရှုလို့ မရပါဘူး။ ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်တွေက မြန်မာနိုင်ငံက ထွက်ခွာသွားပြီ ဖြစ်ကြပြီး ကျန်ရှိနေတဲ့ အမှတ်တံဆိပ်တွေက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးထက် အကျိုးအမြတ်ကို ပိုဦးစားပေး တဲ့ အမှတ်တံဆိပ်တွေဖြစ်ကြပါတယ်။ ကျန်ရှိနေသေးတဲ့ အခြားအမှတ်တံဆိပ်များနဲ့ ပတ်သက်လို့ ထပ်မံတိုင်ကြားမှုတွေ လုပ်သွားဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။" ဟု Atle Høie ကပြောကြားသည်။