နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက ပေးအပ်သော နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုရရှိသူ ဒေါ်ခိုင်ဇာအောင်နှင့်ဆက်သွယ်မေးမြန်းခြင်း

နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက ပေးအပ်သော နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုရရှိသူ ဒေါ်ခိုင်ဇာအောင်နှင့်ဆက်သွယ်မေးမြန်းခြင်း

(အမျိုးသမီးကဏ္ဍ-အင်တာဗျူး)
"ILO အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ လာမယ့် နိုဝင်ဘာမှာ ဆုံးဖြတ်ချက်ချရတော့မယ့် အနေအထားဖြစ်ပါတယ်။  တစ်ကယ်လို့ ဒီအာတီကယ် ၃၃ ကို သုံးပြီးတော့ ဆုံဖြတ်ချက် ချလိုက်ပြီဆို ရင်တော့ ခုနကပြောတဲ့ အဆင့် ၃ ဆင့်မှာ ကျွန်မတို့ အရေးယူနိုင်တဲ့ အနေအထားမျိုး ဖြစ်လာမယ်ပေါ့နော်" နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်ဇွန် ၂၅ ရက်ဒေါ်ခိုင်ဇာအောင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟိုအလုပ် အမှုဆောင်၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ တစ်ဦးဖြစ်သည်။မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာက အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများအကြား သွေးစည်းညီညွတ်မှုနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လာရေး ကြိုးပမ်းမှုများအတွက် နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက ပေးအပ်သော နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆု (Arthur Svensson’s International Prize) ကို မကြာသေးမီက ရရှိခဲ့ကြောင်း သိရသည်။အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါ်ဖြိုးစန္ဒာစိုးသည်လည်း ၂၀၂၄-၂၀၂၇ ခုနှစ် သက်တမ်းအတွက် ILO ၏ အုပ်ချုပ်မှုအဖွဲ့တွင် အလုပ်သမားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ထိုကဲ့သို့ ဆုရရွေးချယ်ခံရမှုအပါအဝင် နိုင်ငံတကာ၌ စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ CTUM မှ ဒေါ်ခိုင်ဇာအောင်ကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။

🟥

ဧရာဝတီတိုင်းမ်။ ။ မင်္ဂလာပါ။ မကြာခင်က ကျင်းပခဲ့တဲ့ ILO ရဲ့ (၁၁၂) ကြိမ်မြောက် ညီလာခံမှာ CTUMက ဒေါ်ဖြိုးစန္ဒာစိုးကို  အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ထပ်မံရွေး ချယ်ခဲ့သလို နော်ဝေကပေးတဲ့ ဆုကိုလည်း ဒေါ်ခိုင်ဇာအောင် ရရှိခဲ့တယ်လို့ သိရပါ တယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးနိုင်မလား။

⬛️

DKZA ။ ။ ဒါကတော့ တစ်ပတ်အတွင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂ ယောက်က နိုင်ငံတကာ အသိအမှတ်ပြုခံရတဲ့ ဖြစ်စဉ်နှစ်ခု ဖြစ်တယ်လို့ ပြောရမှာပေါ့။ ILO မှာ အုပ်ချုပ်ရေးအဖွဲ့ဆိုတာရှိတယ်။ ILO ညီလာခံပြီးရင် အုပ်ချုပ်ရေးအဖွဲ့က အမြင့်ဆုံး အာဏာပိုင်အဖွဲ့ပေါ့နော်။ အဲအဖွဲ့မှာ ကျွန်မတို့ဆီက လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ် ဖြိုးစန္ဒာစိုးကို အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့တယ်။ တစ်ပြိုက်နက်တည်းမှာ ကျွန်မကတော့ နော်ဝေနိုင်ငံ၊ အော်ဆလိုမြို့မှာ ပေးအပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဆုတစ်ခုကို သွားပြီးယူခဲ့တယ်။ အဲဒီဆုက တော့ နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက တည်ထောင်ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။ ဆုကတော့ ပေးခဲ့တာဆိုရင် ၁၅ ယောက် ရှိပြီပေါ့နော်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကနေ စပြီးတော့မှ ၁ နှစ်ကို လူပုဂ္ဂိုလ်ကို သော်လည်း၊ အဖွဲ့အစည်းကိုသော်လည်း ပေးအပ်တဲ့ဆုဖြစ်တယ်။ အဓိကပေးတာကတော့ အလုပ်သမားသမဂ္ဂ အခွင့်အရေးအတွက်ကို စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေ (သို့မဟုတ်) လူပုဂ္ဂိုလ်တွေကို ပေးအပ်တာ ဖြစ်ပါတယ်။ ကျွန်မကိုတော့ ဆုရွေးချယ်ရေးကော်မတီက ရွေးချယ်ရတဲ့ ကိစ္စကတော့ ကျွန်မမခိုင်ဇာတစ်ယောက်ကိုပဲ အသိအမှတ်ပြုပြီးတော့ ပေးတဲ့ဆုတစ်ခု မဟုတ်ပါဘူး၊ အားလုံးကို ကျွန်မသိစေချင်တာက ဒီဆုက မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ကို ဖယ်ရှားဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ကြိုးကြိုးစားစားနဲ့ စွန့်စားအနစ်နာခံပြီးတော့ တိုက်ပွဲဝင်နေတဲ့ လှုပ်ရှားမှုတစ်ခုလုံးကို အသိအမှတ်ပြုပြီးပေးတဲ့ ဆုတစ်ခု ဖြစ်ပါတယ်။ အဓိကကတော့ စစ်အာဏာရှင်ကို အရေးယူနိုင်ဖို့အတွက် ပြည်တွင်းလှုပ်ရှားမှုတွေကို တွန်းအားပေးနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ဖိအားကို ကြိုးစားပြီးတော့ ဆောင်ရွက်နေသူ ဖြစ်သလို အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အပြည်ပြည်ဆိုင်ရာမှာရှိတဲ့ အလုပ်သမား သမဂ္ဂတွေအားလုံး သွေးစည်းညီညွတ်မှုနဲ့ စုပေါင်းပြီးတော့ မြန်မာနိုင်ငံအတွက်ကို ပါဝင်ဆောင်ရွက်ဖို့အတွက် လိုက်လံနှိုးဆော်တဲ့ လှုပ်ရှားမှုတွေ အတွက်ကို အသိ အမှတ်ပြုပြီး ပေးတာဖြစ်ပါတယ်။

🟥

ဧရာဝတီတိုင်းမ်။ ။ ဒေါ်ခိုင်ဇာအောင်အနေနဲ့  Arthur Svensson’s International Prize ဆုကိုရရှိခဲ့တယ်။ အဲ့ဒါကလည်း အလုပ်သမားသမဂ္ဂ အခွင့်အရေး ကြိုးပမ်းမှုတွေကြောင့် ရရှိတာလို့ သိရှိရလို့ ဘယ်လိုကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့လို့ရရှိခဲ့တာလဲ၊ ဘယ်လို ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။

⬛️

DKZA ။ ။ ဒီစစ်အာဏာရှင် တော်လှန်ရေးမှာတော့ လုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေက အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ အစည်းအဝေးတွေ လုပ်တယ်။ စစ်အာဏာသိမ်းတာကို လက်မခံဘူး။ သုံးပွင့်ဆိုင်ဖိုရမ်ကနေ နှုတ်ထွက်တယ်ဆိုပြီး ကျွန်မတို့ ကြေညာတယ်။ ပြီးတော့ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ  အဖွဲ့ကနေပြီးမှ ကျွန်မကို ပညာတော်သင်လွှတ်လို့ ဂျာမနီရောက်နေတယ်။  ဒါပေမယ့် ကျွန်မက သုံးလတာ သင်ပြီးတဲ့အချိန်၊ နိုင်ငံမှာ ဒီလိုဖြစ်တဲ့အခါမှာ ကျွန်မရပ်လိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မက IWFM ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သလို CTUM ရဲ့ ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ ကိုယ့်အဖွဲ့ဝင်တွေကို mobilize လုပ်တဲ့အခါမှာ ကျွန်မရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်ဆိုတာ ကျွန်မနားလည်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်မက စာသင်တာကို ရပ်လိုက်တယ်။ပြီးတော့ ကျွန်မတို့ အဖွဲ့အစည်းတွေ ပြည်တွင်းမှာ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်အောင်လို့ အဖွဲ့ဝင်တွေကနေပြီး ပါဝင်တယ်။ ပြီးတဲ့အခါကျတော့ GSCB တို့ NUCC တို့လို အဖွဲ့ အစည်းတွေမှာလည်း ကိုယ်စားပြုနိုင်ဖို့ အဖွဲ့အစည်းတွေ၊ သမဂ္ဂကနေပြီးတော့ လွှတ်တယ်ပေါ့နော်။ ဒါပေမယ့် အဲဒီလို လုပ်တဲ့အခါမှာ ကျွန်မတို့က IWFM ၊ CTUM တို့ ဒီလိုမျိုး လုပ်တာမဟုတ်ဘဲနဲ့ ပိုပြီးအားကောင်းဖို့အတွက်ကို မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုပေါ့နော်၊ ဖွဲ့ပြီးတော့ လုပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းမှာတော့ ကျွန်မတို့ CTUM ၊ IWFM အပြင် အခြားသော အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေ၊ ပြီးတဲ့အခါ အလုပ်သမားရေးရာ ဆောင်ရွက်တဲ့ NGO တွေပေါ့၊ အဖွဲ့အစည်းတွေ ပါပြီးတော့မှ ဆောင်ရွက်တယ်။ ဆိုတော့ ကျွန်မတို့ အလုပ်သမားအင်အားစုရဲ့ အသံပေါ့။ ပြီးတော့ ညီ ညီညွတ်ညွတ်နဲ့ ထွက်နိုင်အောင် ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ တော်လှန်ရေးမှာ GSCB တို့ NUCC တို့လိုမျိုး အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်တဲ့အခါမှာလည်း မြေပြင်လှုပ်ရှားမှုတွေမှာ ပါဝင်တယ်။ ဖွဲ့စည်းထားတဲ့ မတူညီတဲ့ ကော်မတီတွေ မှာလည်း ကျွန်မတို့ ပါဝင်ပြီးတော့မှ မြေပြင်လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်တယ်။ ပေါ်လစီရေးရာ၊ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ကျွန်မတို့ ပါဝင်ဆောင်ရွက်တယ်။ ဒါကတော့ ပြည်တွင်းမှာ လုပ်နေတဲ့ ကျွန်မတို့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေပါ။ တစ်ပြိုင်နက်တည်းမှာ ကျွန်မတို့ နားလည်တာက ပြည်တွင်းမှာ ပြည်သူတွေရဲ့ Boycott လှုပ်ရှားမှုတွေ၊ Mobilization လုပ်တဲ့ လှုပ်ရှားမှုတွေ၊ နောက်တစ်ခု လက်နက်ကိုင် တော်လှန်ရေးကလည်း ပြည်တွင်းမှာ ရှိတယ်ပေါ့နော်။ ဒါတွေအားလုံး ကျွန်မတို့ တက်ညီလက်ညီနဲ့ ပြည်တွင်းမှာ လုပ်နေပေမယ့် မရှိမဖြစ် လို အပ်တာက အပြည်ပြည်ဆိုင်ရာ ဖိအားဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်ပဖိအား မပါဘူးဆိုရင် စစ်တပ်က အမြဲတမ်း လူသတ်လက်နက်တွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ စတာတွေက အဆက်မပြတ် လုပ်နေမှာ။ ဆိုတော့ အပြည်ပြည်ဆိုင်ရာ ဖိအားတွေ ရဖို့အတွက် တောင်းဆိုရတယ်။

ကျွန်မတို့ Myanmar Labour alliance က ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ ပေါ်လစီရှိတယ်။ အဲ့ဒါကတော့ ကျွန်မတို့ အလုံးစုံ စီးပွားရေး ပိတ်ဆို့ရေး၊ စစ်တပ်ကို သွားနေတဲ့ ဝင်ငွေတွေ ပိတ်ဆို့ရမယ် ဆိုတာကို ကျွန်မတို့ ပေါ်လစီ ချထားတယ်။ ဒီပေါ်လစီကိုလည်း အခြားသော လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ၊ CDM တွေ စတာတွေနဲ့ ဆွေးနွေးပြီးတော့မှ ၂၀၂၁ ခုနှစ်၊ အောက်တို ဘာကတည်းက ကျွန်မတို့ မြန်မာနိုင်ငံကို အလုံးစုံ စီးပွားရေး ပိတ်ဆို့ရေး လုပ်ပါဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တောင်းဆိုနေတာ ဖြစ်တယ်။ ကျွန်မရဲ့ အခန်းကဏ္ဍက ဘာဖြစ်လာလည်း ဆိုတော့ အပြည်ပြည်ဆိုင်ရာမှာ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်ပေါ့နော်။ အလုပ် သမားသမဂ္ဂ ကိုယ်စားလှယ်ဆိုတာ အဲဒီအချိန်မှာ ကျွန်မတစ်ယောက်တည်း ရှိတယ်။ အဲတော့ အပြည်ပြည်ဆိုင်ရာမှာ လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် ကျွန်မ တာဝန်ပေးခံ ရတယ်။ကျွန်မသည် အပြည်ပြည်ဆိုင်ရာမှာ အဓိက ဆောင်ရွက်နေတာကတော့ အလုံးစုံ စီးပွားရေးပိတ်ဆို့မှု မြန်မာနိုင်ငံမှာ ဖြစ်ရေးနဲ့ NUG အစိုးရကို အသိအမှတ်ပြုမှု ရရှိရေးပေါ့နော်။ ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာမှာ အလုပ်သမားသမဂ္ဂအပါအဝင် (၁၈၃)ဖွဲ့ကို ကိုယ်စားပြုပြီးတော့မှ အာဏာစသိမ်းကတည်းက ကျွန်မလော်ဘီ လုပ်ခဲ့ရတယ်။ အဓိက ကျွန်မလုပ်ရတဲ့ နယ်မြေကဏ္ဍကတော့ EU အတွင်းနဲ့ EU ပြင်ပလည်း သွားခဲ့ရတာ ရှိပါတယ်၊ ဒါပေမယ့် အဓိကကတော့ EU အတွင်းမှာ မြန်မာနိုင်ငံကို ပေးထားတဲ့ အထူးအခွင့်အရေးပေါ့နော်၊ လက်နက်ကလွဲပြီး အခြားသော ကုန်ပစ္စည်းများ ကို အခမဲ့တင်ပို့ခွင့်ပေါ့နော်။ အဲဒါကိုလည်း ကျွန်မတို့ ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ကမ်ပိန်းတွေ လုပ်ခဲ့တယ်။ နောက်ပြီး ဘဏ်တွေကို ပိတ်ဖို့ပေါ့နော်၊ မြန်မာနိုင်ငံမှာရှိတဲ့ စစ်တပ် Control လုပ်တဲ့ ဘဏ်တွေ နိုင်ငံခြားငွေကို အဓိကလက်ခံ Transfer လုပ်တဲ့ ဘဏ်တွေကို ဆန်ရှင်လုပ်ဖို့ အဲဒါကို ကျွန်မလုပ်တယ်။ ဒီလိုမျိုးတွေ ဆောင်ရွက်တဲ့အခါမှာ ကျွန်မတစ်ယောက် တည်းနဲ့ လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ သွေးစည်းညီညွတ်မှုနဲ့ လိုက်ပါဆောင်ရွက် ရမယ့် မိတ်ဖက်အဖွဲ့တွေကို ကျွန်မတို့ရှာရတယ်။ အဲတော့ ကျွန်မတို့ အလုပ်သမား သမဂ္ဂက ဥပမာ- CTUM ပေါ့နော်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ကြီးမှာ အဖွဲ့ဝင်အဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အကြီးဆုံးပဲ၊ အဖွဲ့ဝင် သန်း ၂ ရာရှိတယ်။ နိုင်ငံပေါင်း ၁၄၀ ကျော်ကနေ အဖွဲ့ဝင်ဖြစ်နေတာပေါ့နော်။

နိုင်ငံတကာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ITUC မှာလည်း အဖွဲ့ဝင်ဖြစ်တယ်။ ဆိုတော့ ကျွန်မက ဒီအဖွဲ့ချုပ်တွေနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံ အခြေအနေတွေကို ရှင်းပြတယ်။ ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေကို ခရီးသွားခဲ့တယ်။ သမဂ္ဂတွေနဲ့ တွေ့ရုံတင် မဟုတ် သမဂ္ဂတွေကနေတ ဆင့် စီစဉ်ပေးမှုနဲ့ နိုင်ငံပေါင်း ၂၀ ကျော်က အစိုးရတွေ၊ ပေါ်လစီလုပ်တဲ့ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး အလုပ်သမား အခွင့်ရေးတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တောက်လျှောက် ၃ နှစ်ကျော် ကာလအတွင်းမှာ တွေ့ဆုံခဲ့တယ်။ ILO အပါအဝင် အဖွဲ့အစည်းတွေကို တောင်းဆိုခဲ့တာလည်းရှိတယ်။ ဒါကြောင့်လည်း ILO က စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၂၂ မှာ ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးခဲ့တာဟာ ၂၀၂၃ ခုနှစ်မှာ report ထွက်လာတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုတွေ၊ အလုပ်သမား အခွင့်အရေး၊ အလုပ်သမားသမဂ္ဂ အခွင့်အရေး ချိုးဖောက်မှုတွေ၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် မရှိတဲ့ကိစ္စတွေ ဒါတွေကို report ထဲမှာ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ်ဆိုတာ ထုတ်ပြန်လာတဲ့ အခြေအနေထိရောက်အောင် ကျွန်မတို့ လုပ်ခဲ့ကြတယ်။

🟥

ဧရာဝတီတိုင်းမ်။ ။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ILO Constitution နဲ့အညီ ချက်ချင်းရေးယူဖို့ တောင်းဆို ခဲ့တာတွေရှိတယ်လို့ သိရှိရလို့ ဘာတွေများ တောင်းဆို ခဲ့တယ်ဆိုတာ ပြောပြပေးနိုင်မလား။

⬛️

DKZA ။ ။ ဟုတ်ကဲ့။ ILO ကတော့ သုံးပွင့်ဆိုင် ဆွေးနွေးတဲ့နေရာ ဖြစ်တယ်ပေါ့နော်။ နိုင်ငံတကာက အစိုးရကိုယ်စားလှယ်တွေလာတယ်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေ လာတယ်၊ အလုပ်သမား ကိုယ်စားလှယ်တွေလာတယ်။ လာကြတဲ့အခါမှာ ကျွန်မတို့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့ပေါ့။ မြန်မာနိုင်ငံနာမည် အလံကိုင်ပြီးတော့ ညီလာခံကို ကျွန်မတို့တက်နိုင်တဲ့ အနေအထားမရှိဘူးပေါ့။  ဘာ ဖြစ်လို့လဲဆိုတော့ ILO တက်ခွင့်ရတာက သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ပဲ တက်လို့ရတာ။ ဒါပေမယ့် ကျွန်မတို့ အလုပ်သမားသမဂ္ဂတွေကတော့ နှစ်တိုင်း ILO ကို ညီလာခံကိုတက်ပါတယ်။ ကျွန်မတို့ မဖြိုးစန္ဒာစိုးဆိုရင် အုပ်ချုပ်ရေးအဖွဲ့ဝင်အနေနဲ့ပေါ့နော်။ သူဆိုလို့ရှိရင်  အမြဲတမ်းညီလာခံအစည်းအဝေးတွေ တက်လို့ရတဲ့ အနေအထားရှိတယ်။  ကျွန်မလဲ ITUC အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ရဲ့  ကိုယ်စားလှယ်အဖြစ် နှစ်တိုင်း ILO ကို တစ်နှစ် ၃ ခါသွားပြီးတော့ မြန်မာနိုင်ငံအတွက် ဖိအားပေးရေး ကိစ္စတွေကို ဆောင်ရွက်တယ်ပေါ့နော်။ အဲ့လိုလုပ်တဲ့အခါမှာ ကျွန်မတို့အခု ဘယ်နားရောက်သွားပြီလဲဆိုတော့ မြန်မာနိုင်ငံသည် စုံစမ်းစစ်ဆေးရေး ကော်မတီရှင်ရဲ့  အကြံပြုချက်တွေကို လက်မခံဘူး။  အဲ့တော့ ILO တစ်ခုလုံး အနေနဲ့က မြန်မာနိုင်ငံမှာ  ILO ရဲ့  အခြေခံပြဌာန်းချက် အမှတ်နှစ်ခုကို ချိုးဖောက်ထားတယ်။  ILO မှာ ပြဌာန်းချက်ပေါင်း ၁၉၀ ရှိတယ်၊  ဒါပေမယ့်အချက် ၈ ချက်ကတော့ မဖြစ်မနေ အဖွဲ့ဝင်နိုင်ငံတိုင်းက လိုက်နာရမယ်ဆိုတာရှိတယ်။ အဲ့ဒီ ၈ ခုကို လက်မှတ်ထိုးချင်ထိုး မထိုးချင်နေ အဲ့ ၈ ချက်ကို လိုက်နာကို လိုက်နာရမယ်။  အခုမြန်မာနိုင်ငံက ချိုးဖောက်နေတာသည် ILO ရဲ့ အခြေခံပြဌာန်းချက်ဖြစ်တဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရယ်၊ အဓမ္မခိုင်းစေမှုရယ်  ချိုးဖောက်နေတာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ILO အဖွဲ့ဝင်နိုင်ငံတိုင်းကတော့ မြန်မာနိုင်ငံသည် ဒီဟာတွေကို ချိုးဖောက်တယ်ဆိုတာကို ပထမအဆင့်လက်ခံထားပြီးသွားပြီ။ အဲ့ဒီတော့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် အကြံပြုချက်တွေ ပေးထားတာတွေကို မလိုက်နာ ရင် ကျွန်မတို့က ဘာနဲ့အရေးယူလို့ရလဲပေါ့။ အဲ့ဒါကို နည်းနည်းတင်ပြရရင် ကျွန်မတို့ Level ၃ ခုမှာ ဆန်ရှင်လုပ်လို့ ရတယ်။ မြန်မာနိုင်ငံကို အပြစ်ပေးအရေးယူတဲ့ အနေနဲ့ပေါ့နော်။ ပထမက ILO အဆင့်ကနေ အရေးယူလို့ရတယ်။ ဒုတိယအဆင့်က ILO အဖွဲ့ဝင်နိုင်ငံတွေကနေ အရေးယူလို့ရတဲ့ ဆန်ရှင် တွေရှိတယ်။ တတိယအဆင့်ကတော့ ဒီနိုင်ငံအဆင့် အင်စတီကျူးရှင်းတွေပေါ့။ UN လို တခြား နိုင်ငံတကာအဆင့် အဖွဲ့အစည်း တွေပေါ့။ အဲ့အဖွဲ့အစည်းတွေကနေ ပြီးတော့ အရေးယူတာမျိူးတွေ လုပ် လို့ရတယ်။ အဲ့ဒါကို အရေးယူနိုင်ဖို့အတွက် ကျွန်မတို့က ဘယ်လိုပြင်နေတာလဲဆိုတော့ ဒီလာမယ့် နိုဝင်ဘာမှာ မြန်မာနိုင်ငံကို အရေးယူဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပြဌာန်းချက် အမှတ် ၃၃ ဆိုတာရှိတယ်။ ၃၃  ဆိုတာ ဘာလဲဆိုတော့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မလိုက်နာတဲ့ နိုင်ငံတွေကို ဒါဘယ်လို အရေးယူရမလဲဆိုတာ ပြောထားတဲ့ အချက်ဖြစ်တယ်ပေါ့နော်။ အဲ့ဒီမှာ ဆန်ရှင်ပါတယ်။ ကျွန်မတို့က ILO အလုပ်သမားအဖွဲ့က သုံးပွင့်ဆိုင် ဖြစ်တဲ့အတွက်ကြောင့်မလို့ တစ်ပွင့် ဖြစ်တဲ့ အလုပ်သမားအဖွဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာတော့ အားလုံးကို ကျွန်မတို့ လော်ဘီ လိုက်လုပ်ထားပြီးတော့ အာတီကယ် ၃၃ ကို သုံးပြီးတော့မှ မြန်မာနိုင်ငံအပေါ်မှာ ပိတ်ဆို့အရေးယူမှုတွေဖြစ်အောင် လုပ်ပေးပါဆိုတာဟာကို ကျွန်မတို့ တောင်းဆိုထားပြီး ဖြစ်တယ်။ အဲ့ဒီအဆိုပြုချက်ကိုလဲ သုံးပွင့်ဆိုင် ILO ရဲ့  အစည်းအဝေးတွေမှာ တင်ပြထားပြီး ဖြစ်ပါတယ်။လာမယ့် နိုဝင်ဘာမှာ ဆုံးဖြတ်ချက်ချရတော့မယ့် အနေအထားဖြစ်ပါတယ်။ ILO အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ပေါ့နော်။ တစ်ကယ်လို့ ဒီအာတီကယ် ၃၃ ကို သုံးပြီးတော့ ဆုံဖြတ်ချက် ချလိုက်ပြီဆိုရင်တော့ ခုနကပြောတဲ့ အဆင့် ၃ ဆင့်မှာ ကျွန်မတို့ အရေး ယူနိုင်တဲ့ အနေအထားမျိုး ဖြစ်လာမယ်ပေါ့နော်။ နံပါတ် ၁ တစ်ခုက ဘယ်လို အရေးယူလို့ရသလဲ၊ ILO အနေနဲ့ ပြည်တွင်းမှာ ရုံးတွေရှိတယ်၊ နည်းပညာအကူအညီတွေ၊ စစ်တပ်နဲ့တော့ အလုပ်မလုပ်ဘူးဆိုပေမယ့် အထဲမှာပေါ့ စစ်တပ်နဲ့ ပေါင်းလုပ်နေတဲ့ UMFCCI ရှိတယ်။ ဒါပေမယ့် သူတို့ ILO ကျတော့ အလုပ်ရှင်အဖွဲ့အစည်းပေါ့နော်။ သုံးပွင့် ဆိုင်မှာ တစ်ပွင့်ပါတနာပေါ့။  အလုပ်ရှင်အနေနဲ့ သူတို့က ရှု့မြင်တာဖြစ်ပါတယ်။ ကျွန်မတို့ကတော့ အလုပ်သမား တစ်ပွင့်ပါတနာပေါ့။ ပြည်တွင်းထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် အခုရှိနေတဲ့ နည်းပညာအကူအညီတွေ၊ မြန်မာပြည်နဲ့ ချိတ်ဆက်ဆောင်ရွက်နေ တာတွေကို ILO က အားလုံးရပ် ဖြစ်လိုက်တယ်။ ဒါက  ၂၀၀၀ ခုနှစ်နောက်ပိုင်း မြန်မာပြည်မှာ ဖြစ်ခဲ့ဖူးပါတယ်။  ILO က ဆန်ရှင်လုပ်တဲ့ဟာ။ ILO ကနေ အထောက် အပံ့တွေ နည်းပညာ၊ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေ အားလုံး ရပ်လိုက်တယ် ဆိုတာကို ILO တစ်ဆင့်က လုပ်လို့ရတယ်။  နောက်တစ်ခုက အာတီကယ် ၃၃ ဆုံးဖြတ် ချက် ကျသွားပြီဆိုလို့ရှိရင် ILO အဖွဲ့ဝင်နိုင်ငံ တစ်ခုချင်းစီကနေ သူတို့ လိုက်ပါအကောင် အထည် ဖော်ရမယ် ဆိုတာတွေ ဖြစ်လာပါတယ်။  ILO က ဘာလုပ်လဲဆိုတော့ အဲ့ဆုံးဖြတ်ချက်မှာ ၂၀၀၀ ခုနှစ် အတွေ့အကြုံအရပေါ့နော်။ ၂၀၀၀ ခုနှစ်မှာ ILO က မြန်မာနိုင်ငံအပေါ်မှာ အဓမ္မခိုင်းစေမှုကို ချိုးဖောက်တဲ့ အတွက်ကြောင့်မလို့ အရေးယူခဲ့ တာရှိတယ်။ ဒီအာတီကယ် ၃၃ ကို သုံးပြီးတော့မှ။ အဲ့တုန်းက သူတို့ရဲ့ ဆုံးဖြတ်ချက်က ဘာပြောတာလဲဆိုရင် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်သုံးသပ်ပါ။ ရီဗျူးလုပ်ပါဆိုတဲ့ ဆုံးဖြတ် ချက်ကို ချမှတ်ခဲ့ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေကို ပို့လိုက်တယ်။ အဲ့အခါကြတော့ အဖွဲ့ဝင်နိုင်ငံတွေက ဒီဆုံးဖြတ်ချက်အပေါ်မှာ ဆက်လက်အရေးယူမှု လုပ်ကြပါတယ်။ သံရေးတမန်ရေး ပေါ့နော် လုပ်ဆောင်ခဲ့ တာတွေကို ရပ်ခဲ့တာရှိတယ်။  ဖွံ့ဖြိုးရေး စီမံချက်တွေကို ရပ်ခဲ့တာတွေရှိတယ်။ ဒီတစ်ခါမှာလဲ ILO ကနေ အဲ့လိုမျိုး အာတီကယ် ၃၃ ကို ဆုံးဖြတ်လိုက်ပြီ ဆိုလို့ရှိရင်တော့ အဖွဲ့ဝင်နိုင်ငံတွေကနေပြီး တော့မှ သူတို့ မြန်မာနိုင်ငံနဲ့ ဆောင်ရွက်နေတဲ့ အလုပ်တွေကို ရပ်လိုက်မလား၊ ဘယ်လိုမျိုး အရေးယူမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကို တစ်နိုင်ငံချင်းစီကနေ ဆုံးဖြတ်ရမယ့် ကိစ္စပေါ်လာပါလိမ့်မယ်။  ဒါဆို လို့ရှိရင် အရေးယူမှု ဆုံးဖြတ်ချက်တွေလာရင် စစ်တပ်ပေါ်မှာ ပိုပြီးဖိအားပေးတဲ့ လုပ်ငန်းတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ဆက်လက်ဖော်ပြသွားပါမည်....။
#နော်ဝေနိုင်ငံအလုပ်သမားသမဂ္ဂ #နိုင်ငံတကာအလုပ်သမားသမဂ္ဂအခွင့်အရေးဆု #ဒေါ်ခိုင်ဇာအောင် #အမျိုးသမီးကဏ္ဍ #အင်တာဗျုး  #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက် အခဲ၊  စိန်ခေါ်မှုနှင့်   ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင်  အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို    "အမျိုးသမီးကဏ္ဍ"  အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)
Source >>> https://www.facebook.com/ayeyarwaddytimes/posts/pfbid02ayriiDKAounyg71PsGMwYnYit9qWPTRhLkVs1rQk4G3kimWWdGiHGSvAaH9DhWNgl