မြန်မာက EU စီမံချက်ရပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်းဆို

မြန်မာက EU စီမံချက်ရပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တောင်းဆို

ဥရောပ သမဂ္ဂ (EU) က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ MADE in Myanmar စီမံချက်ကို ရပ်ဆိုင်းဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ‌(IndustriAll Global Union) က ဇူလိုင် ၁၁ ရက်နေ့က ထုတ်တဲ့ အစီရင်ခံစာမှာ တောင်းဆိုလိုက်ပါတယ်။

အလုပ်သမားအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားတွေနဲ့ ကူညီဆောင်ရွက်နေသူတွေ အလုပ်ထုတ်ခံရတာ၊ ခြိမ်းခြောက်ခံရတာနဲ့ စစ်ကောင်စီက ဖမ်းဆီးနေတာတွေကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူ သုံးရာကျော် ဖမ်းခံခဲ့ရပြီး ငါးဆယ်ကျော် အသတ်ခံခဲ့ရတယ်လို့ IndustriAll Global Union က ထောက်ပြထားပါတယ်။

ဒါ့အပြင် အလုပ်သမားသမဂ္ဂအားလုံးနီးပါးကို ပိတ်ပင်ထားတာဟာ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ကို ထိခိုက်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဟိုစိမ့် မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ လုပ်ခလစာတိုးမြှင့်ရရှိရေးတောင်းဆိုရာမှာလည်း ဦးဆောင်ခဲ့သူတွေကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဖမ်းဆီးခဲ့တဲ့အပြင် စစ်ကောင်စီ အရာရှိတစ်ဦးက စစ်အုပ်ချုပ်ရေးအောက်မှာ သမဂ္ဂမရှိကြောင်း ‌ပြောခဲ့တာကိုလည်း ထည့်သွင်းထောက်ပြထားပါတယ်။

ဒါကြောင့် EU က ဆောင်ရွက်နေတဲ့ MADE in Myanmar စီမံချက်ဟာ အလုပ်သမားတွေရဲ့ ထိခိုက်နစ်နာမှုတွေကို မဖြေရှင်းပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဥရောပသဂ္ဂရဲ့ အဲဒီစီမံချက်ဟာ စစ်ကောင်စီတည်မြဲဖို့ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့ လောင်စာဆီ ဝယ်ယူဖို့ နိုင်ငံခြားငွေ ထောက်ပံ့သလိုဖြစ်နေတယ်လို့လည်း ဝေဖန်ထားပါတယ်။

EU နိုင်ငံသားတွေရဲ့ ဘဏ္ဍာငွေတွေနဲ့ စစ်အာဏာရှင်တွေ အကျိုးအမြတ်ရမဲ့ ကိစ္စတွေကို ဆောင်ရွက်တာ မဖြစ်သင့်ဘူးလို့လည်း IndustriAll Global Union က ထောက်ပြထားပါတယ်။

ဒီစီမံချက်ဟာ မြန်မာနိုင်ငံမှာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာကနေ ၂ဝ၂၆ ခုနှစ်အထိဖြစ်ပြီး အထည်အလိပ်၊ အဝတ်အစားနဲ့ ဖိနပ်မျိုးစုံထုတ်လုပ်ရေးအတွက် ဥရောပသမဂ္ဂက ယူရို သုံးသန်း ထောက်ပံ့ထားတာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ကုန်ထုတ်လုပ်ငန်းတွေက အလုပ်သမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
-----------------
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေသည့် အလုပ်သမားများအား ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

Link >>> https://www.facebook.com/photo/?fbid=663472695814136&set=a.583637430464330