CTUM အဖွဲ့ချုပ်ထုတ်ပြန်ကြေညာချက်

CTUM အဖွဲ့ချုပ်သည် ၎င်းတို့၏ဥပဒေနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းမှု၊ စည်းရုံးမှုများ ပြုလုပ် လျက်ရှိသည်ဟု အကြမ်းဖက်စစ်အုပ်စု အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်သည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြားခြင်း၊ ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အရေးယူ ဆောင်ရွက်မှုအား ရှောင်ဖယ်ရန်အတွက်သာဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၄) ရက်။


၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော အကြမ်းဖက်စစ်အုပ်စု အလုပ်သမားဝန်ကြီးဌာနမှ မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM) အပါအဝင် အလုပ်သမားအဖွဲ့ချုပ်များ စုစုပေါင်း (၁၁) ဖွဲ့ အား ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုက်ညီပြည့်စုံ၍ လက်ရှိတွင် ယင်းအဖွဲ့ချုပ်များသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းမှု၊ စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။


လက်ရှိအခြေအနေမှာမူ အကြမ်းဖက်စစ်အုပ်စုသည် -
(၁) ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂) ရက်နေ့တွင် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်အရ ဖွဲ့စည်း တည်ထောင် ထားသည့် အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့ချုပ်များ စုစုပေါင်း (၁၆) ဖွဲ့ အား မတရားအသင်း ကြေညာခြင်း၊


(၂) ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၇) ရက်နေ့တွင် CTUM အဖွဲ့ဝင် လုပ်ငန်းကဏ္ဍ အဖွဲ့ချုပ် တခုဖြစ်သည့် မြန်မာနိုင်ငံသတ္တုတွင်းအလုပ်သမားများအဖွဲ့ချုပ် (MWFM) အဖွဲ့ဝင် ဦးချမ်းမြေ့ကျော် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်နေစဉ် မတရားပစ်ခတ်သတ်ဖြတ်ခံရခြင်း၊


(၃) ၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် CTUM ဗဟိုကော်မတီအဖွဲ့ဝင် (၂၉) ဦး ကို မတရား ဖမ်းဝရမ်း ထုတ်ခြင်း၊ တရားစွဲဆိုခြင်း၊


(၄) ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် CTUM ၏ ဗဟိုကော်မတီဝင်များ စုစုပေါင်း (၂၇) ဦး၏ နိုင်ငံကူးလက်မှတ်များအား ပယ်ဖျက်ခြင်း၊


(၅) ၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် CTUM ဥက္ကဌ ကို နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊


(၆) CTUM အဖွဲ့ဝင် အလုပ်သမား သမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များ စုစုပေါင်း (၁၅၃) ဦးကို မတရား ဖမ်းဆီးခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းနှင့် အကျဉ်းကျခြင်း၊ ထောင်ချခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။


(၇) ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းနှင့် ပြည်သူ့အာဏာ ဖီဆန်‌ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းများ ကြောင့် နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဏ္ဍမှဝန်ထမ်းများ အလုပ်မှ မတရား ထုတ်ပယ်ခံရခြင်း၊ ဝန်ထမ်းအိမ်ရာများနှင့် နေအိမ်များမှ မတရားအတင်းအကြပ် ဖယ်ရှားခံရခြင်း နှင့် နေအိမ်များကိုမတရားမီးရှို့ဖျက်ဆီးခြင်းများ ခံခဲ့ရပါသည်။ ပြည်သူ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပြင်းပြင်းထန်ထန် ပါဝင်ခဲ့ကြသည့် အလုပ်သမား သမဂ္ဂအဖွဲ့ဝင် စုစုပေါင်း (၃၈) ဦးကျော်သည် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ဖိအားများကြောင့် ကွယ်လွန်ခဲ့ရသည်။


(၈) မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်အား မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှ လွှတ်ပေးပြီးနောက် ယင်းနေ့တွင် ထပ်မံဖမ်းဆီးခြင်း။


မိမိတို့ CTUM နှင့် CTUM ၏ အဖွဲ့ဝင်များအား အကြမ်းဖက်စစ်အုပ်စု၏ အလုပ်သမားဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးဝင်းရှိန်မှ တွေ့ဆုံ၍ CTUM ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား အစားထိုးရန် သွေးခွဲသည်ကို မှတ်တမ်းများအရ သိရှိရပါသည်။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၏ အခြေခံစံနှုန်းများနှင့် ကိုက်ညီမှုမရှိသော၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၏ အခြေခံစံနှုန်းများကို ချိုးဖောက်နေသော  အကြမ်းဖက်စစ်အုပ်စု၏ လက်ဝေခံများကို မည်သည့် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများမှ လက်ခံလိမ့်မည် မဟုတ်ပါ။ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခြေအနေကို ပိုမိုယိမ်းယိုင်စေမည်သာ ဖြစ်သည်။
CTUM သည် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး ချိုးဖောက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) မှ အရေးယူဆောင်ရွက်နိုင်စေရန် အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ (၁၀၉) ကြိမ်မြောက် ILC ညီလာခံတွင် အကြမ်းဖက်စစ်အုပ်စု အား အရေးယူဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry COI - on violations on Freedom of Association) ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ ယခုနှစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်မည့် ILO ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အစည်းအဝေးတွင် ယင်းစုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry - COI) ၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အတည်ပြု ဆုံးဖြတ်မည် ဖြစ်ပါသည်။


CTUM အား နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်း၊  “အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုက်ညီပြည့်စုံ၍ လက်ရှိတွင် ယင်းအဖွဲ့ချုပ်များသည် ဥပဒေနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းမှု၊ စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်” ဟု လိမ်လည်ဖော်ပြခြင်းများပြုလုပ်သော်လည်း အကြမ်းဖက်စစ်အုပ်စုသည် လက်နက် အားကိုးဖြင့် ခြိမ်းခြောက်၊ ပစ်ခတ်၊ ဗုံးကြဲ၍မရသော အပြည်ပြည်ဆိုင်ရာသည် တွေ့ရှိချက်များကို အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) သို့ အစီရင်ခံမည် ဖြစ်ပါသည်။  ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တင်ပြမှုကို ILO အုပ်ချုပ်ရေး အဖွဲ့မှ (သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အပြစ်ပေးအရေးယူသကဲ့သို့ပင်) ဆွေးနွေး အရေးယူဆောင်ရွက်မှုအား ရှောင်ဖယ်ရန် စစ်အုပ်စုမှ ဖြတ်လမ်းနည်းဖြင့် ကြိုးစားခြင်းမှာ ကျရှုံးမည်သာ ဖြစ်ပါသည်။


မိမိတို့ CTUM အနေဖြင့် ပြည်သူလုထုများ၊ အလုပ်သမားများ၊ အလုပ်သမားအဖွဲ့ချုပ်များ၊ အလုပ်သမား အဖွဲ့အစည်းများ၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများနှင့် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းများကို ထင်ယောင် ထင်မှားဖြစ်စေရန် ဆောင်ရွက်နေသော အလုပ်သမားဝန်ကြီးဌာနအပါအဝင် အကြမ်းဖက်စစ်အုပ်စုအား ထောက်ခံ အားပေးနေသော၊ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ကျူးလွန်ခဲ့မှုများအတွက် တာဝန်ခံရစေရန် လူမျိုးဘာသာ၊ နိုင်ငံသားမခွဲခြားဘဲ တရားဥပဒေအရအရေးယူခြင်းခံရစေရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


မိမိတို့ CTUM ၏ ရပ်တည်မှုနှင့် အမည်နာမကို အလွဲသုံးစားပြုလုပ်၍ အလုပ်သမားဝန်ကြီးဌာနမှ ပြုလုပ်သော အစည်းအဝေးများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များအား ဖော်ထုတ်၍ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ် ခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍လည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပါသည်။


လေးစားစွာဖြင့်
ဗဟိုကော်မတီအဖွဲ့ဝင်များ
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)


မိတ္တူ
၁) အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့ချုပ်၊ဂျီနီဗာရုံးချုပ် (ILO – Head Quarter)
၂) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၊ ဆက်ဆံရေးရုံး-မြန်မာ (ILO – Liaison Myanmar Office)
၃) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၊အာရှနှင့်ပစိဖိတ်ဒေဆိုင်ရာရုံး (ILO Regional Office AP)
၄) အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များကောင်စီ (CGU)
၅) အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)
၆) ဥရောပ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ETUC)
၇) အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ အာရှနှင့်ပစိဖိတ်ဒေသ (ITUC-AP)
၈) အာဆီယံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ATUC)
၉) အာဆီယံဝန်ဆောင်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ASETUC)
၁၀) မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA)
၁၁) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)
၁၂) အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
၁၃) EU Yangon
၁၄) US Embassy
၁၅) UK Embassy