CTUM / IWFM ကိုယ်စားလှယ်နှင့် အီတလီနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် များ တွေ့ဆုံဆွေးနွေး

CTUM / IWFM ကိုယ်စားလှယ်နှင့် အီတလီနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် များ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ၏ ဥက္ကဌ ဒေါ်ခိုင်ဇာအောင်သည် အီတလီနိုင်ငံ Rome (ရောမ) မြို့တွင် အီတလီနိုင်ငံ၏ အလုပ်သမား 13 သန်းကျော်ကို ကိုယ်စားပြုသည့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (၃) ဖွဲ့ (CGIL , CISL, UIL) မှ ကိုယ်စားလှယ်များ၊ Italian- Birmania  အဖွဲ့မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အရေးကိစ္စကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ CTUM မှ တည်ထောင်သူ အဖွဲ့တစ်ခု အဖြစ် ပါဝင်ထားသည့် Italian- Birmania အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး ဆက်လက်ပြုလုပ်နေဆဲဖြစ်သည့် အီတလီ အမှတ်တံဆိပ်များ ဖြစ်သည့် OVS / Upim, Piombo, Calliope; Love Moschino, Liu Jo များကို အမှတ်တံဆိပ်များ လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများ (OECD guideline) ကို မလိုက်နာသည့်အတွက် ချိုးဖောက်မှုများကို အီတလီနိုင်ငံ၏ အမျိုးသား ဆက်သွယ်ရေး အဖွဲ့ National Contact Points (NCP) သို့ တိုင်ကြားထားသည့် အခြေအနေများကိုလည်း အဖွဲ့ချုပ် (၃) ခုအား ရှင်းပြခဲ့သည်။ အီတလီအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(၃) ခုသည် NCP တွင် ပါဝင်ကိုယ်စားပြုနေသည့် အလုပ်သမားအဖွဲ့ချုပ် များ ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ တိုင်ကြားထားသည့် ကိစ္စအား NCP မှ အလျင်အမြန်နှင့် မှန်မှန်ကန်ကန် စစ်ဆေး ကြားနာ ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် တင်ပြအကူအညီတောင်းခဲ့ပါသည်။

လူသတ်လက်နက်များ ထုတ်လုပ်နိုင်သည့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်တပ်၏ သံမဏိစက်ရုံကို အဆင့်မြင့်တင်ရေးအတွက် စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆက်လက် ဆောင်ရွက်နေသော Danieli သံမဏိကုမ္ပဏီ အား Italian- Birmania အနေဖြင့် NCP တွင် ဆက်လက် တိုင်ကြားနိုင်ရေး ကြိုးစားနေကြောင်းကိုလည်း ရှင်းပြခဲ့ပါသည်။ အီတလီနိုင်ငံတွင် စစ်တပ်နှင့် သော် လည်းကောင်း၊ OECD guideline များကို ချိုးဖောက်၍ စီးပွားရေး ဆက်လက် လုပ်ဆောင်နေကြသော အထည်ချုပ်လုပ်ငန်းမှ အမှတ်တံဆိပ်များ အပါအဝင် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများကို အရေးယူ နိုင်ရေးအတွက် ဂျာမဏီ၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများတွင်လည်း သက်ဆိုင်ရာနိုင်ငံမှ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ EU မှ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် “အထည်ချုပ်လုပ်ငန်းတွင် သင့်တင့်ကောင်းမွန်သော လုပ်ငန်းများ ဖြစ်ပေါ်ရေး” အမည်ခံ MADE in Myanmar စီမံချက်သည် အလုပ်သမားများအား စစ်တပ်အုပ်ချုပ်မှုအောက်တွင် မဖြစ်နိုင်သည့် သတင်း စကားအမှားများကို ပေးကာ “အလုပ်သမားများအား နိုင်ငံရေး ပုဒ်မများဖြင့် စစ်တပ်မှ ဖမ်းဆီးထောင်ချ စေသည့် လမ်းကြောင်းကို တွန်းပို့နေသော”၊ ”Brands များ၊ အလုပ်ရှင်များနှင့် စစ်တပ်ကို အကျိုးပြုနေသော” စီမံချက် ဖြစ်သောကြောင့် ထိုစီမံချက်ကို EU မှ ရုတ်သိမ်းရေး၊ နှင့် မြန်မာနိုင်ငံအား ပေးထားသည့် ကုန်သွယ်မှု ဆိုင်ရာ အထူး အခွန်ကင်းလွတ်ခွင့် (EBA) ကို မြန်မာနိုင်ငံမှ ရုတ်သိမ်းရေး ဆောင်ရွက်နေသည့် အခြေအနေ များ ကိုလည်း ရှင်းပြခဲ့ပါသည်။

အီတလီနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်များမှ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ တောင်းဆိုချက် များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြပါသည်။