အန္တရာယ်လျှောက်လမ်းပေါ်က အလုပ်သမားသမဂ္ဂခေါင်းဆောင် မခိုင်ဇာအောင်
ရှင်ငြိမ်း
နော်ဝေအခြေစိုက်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တခုက ၂၀၂၄ ခုနှစ်အတွက် Arthur Svensson’s International Prize ဆုကိုမြန်မာ့အလုပ်သမားအရေးလှုပ်ရှားနေတဲ့ မခိုင်ဇာအောင်ကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။
ဒီဆုဟာ ကမ္ဘာတဝန်းမှာ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားသမဂ္ဂအခွင့်အရေးတွေကို မြှင့်တင်ပေးဖို့နဲ့ ခိုင် မာအား ကောင်းလာအောင်လုပ်ဆောင်ပေးဖို့ နှစ်စဉ်ရွေးချယ်ချီးမြှင့်ပေးတဲ့ဆုဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ပထဆုံး ရရှိတဲ့ဆုလည်း ဖြစ်ပါတယ်။
“ကျမကတော့ ပြည်တွင်းမှာရှိနေတဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်နေတဲ့ အလုပ်သမား သမဂ္ဂတွေ နဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုတစ်ခုလုံးကို အသိအမှတ်ပြုပြီးတော့ ဒီဆုကိုပေးလိုက်တယ်လို့ပြောရမှာ ပေါ့။”လို့ မခိုင်ဇာအောင် က ပြောပါတယ်။
မခိုင်ဇာအောင်ဟာ မြန်မာ့အထည်ချုပ်လုပ်သား အမျိုးသမီးတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ရွေ့ပြောင်း အလုပ်သမား အရေးနဲ့ အလုပ်သမားပြဿနာတွေကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်မှုအန္တရာယ်တွေကြားက ဖြေ ရှင်းဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။
အဖွဲ့ချုပ်ရဲ့ တာဝန်ပေးမှုနဲ့ ဂျာမဏီမှာ ကျောင်းသွားတက်နေတဲ့မခိုင်ဇာအောင်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်တဲ့ အချိန်မှာတော့ စာသင်တာကို ရပ်လိုက်ပြီး စစ်အာဏာရှင်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတ ကာသိအောင်၊ အရေးယူမှုတွေလုပ်နိုင်အောင် တိုက်တွန်းပြောဆိုတာတွေ တွန်းတွန်းတိုက်တိုက်လုပ်နေခဲ့တာပါ။
သူဟာ နိုင်ငံပေါင်း ၂၀ ကျော်ကိုလှည့်လည်ပြီး နိုင်ငံတကာ အမှတ်တံဆိပ်တွေ မြန်မာနိုင်ငံမှ ထွက်ခွာဖို့ ဖိအား ပေးတာ၊ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအား ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်နဲ့ အထူးကုန်သွယ်ခွင့်တွေကိုရုတ် သိမ်းပေးဖို့ တောင်းဆို တာတွေကို မရပ်မနားလုပ်ဆောင်နေတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
ဒီအတွက် ဥရောပနဲ့ ကမ္ဘာ့ဖိုရမ်တွေမှာ မြန်မာ့အလုပ်သမားသမဂ္ဂလှုပ်ရှားရဲ့အသံအဖြစ် ထင်ရှားသူဖြစ်လာခဲ့ပါ တယ်။ အခုဆိုရင် ဥရောပသမဂ္ဂ(EU)ကလည်း မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှု နောက်ထပ် ၁ နှစ်ထပ်တိုး လိုက်ကြောင်း ဧပြီလ ၂၆ ရက်က ကြေညာထားတာဖြစ်ပါတယ်။
ဒါပေမဲ့ မခိုင်ဇာအောင်က“ခေါင်းဆောင်နေရာကနေ တာဝန်ယူဆောင်ရွက်ဖို့ဆိုတာ အမျိုးသမီးတစ်ယောက် အတွက်တော့ အမျိုးသားတွေလောက် လွယ်ကူမနေဘူး။”လို့ ပြောပါတယ်။
သူဟာ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ်(IWFM)ရဲ့ပထမဆုံးအမျိုသမီး ဥက္ကဋ္ဌ အဖြစ်ရွေး ချယ်ခံထားရသူဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) မှာလည်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူပါ။
“ဌာနဆိုင်ရာလူကြီးအများစုက အသက်ကြီးပိုင်းအမျိုးသားတွေဖြစ်တော့ ဦးဆောင်ဆွေးနွေးသူက ငယ်တဲ့အမျိုး သမီးဖြစ်နေ ရင် မလေးစားချင်ဘူး။ အကြံပေးတာတွေလည်း လက်မခံဘူး။ သူတို့အမျိုးသား အချင်းချင်းဆို လေးစားမှုပိုရှိကြတယ်။”လို့ သူကဆိုပါတယ်။
ဒါကလည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အများရဲ့လေးစားမှု ရရှိဖို့ပိုမိုလွယ်ကူတာကြောင့်ဖြစ် တယ်လို့ သူကြုံတွေ့ရတဲ့အခြေအနေတွေကို ပြောပါတယ်။
သို့ပေမဲ့ သူကိုယ်တိုင်လည်း ဒီခေါင်းဆောင်မှုနေရာရောက်ဖို့ အလွယ်တကူလေးတက်လှမ်းလာခဲ့ရတာတော့ မဟုတ်ပါ။
သူရဲ့ဘဝအစကို ပြောရမယ်ဆိုရင် မိဘတွေဟာ သာမာန်ဈေးသည်တွေဖြစ်ကြပြီး သူအပါအဝင် မောင်နှမ ၈ ယောက်ရှိတာကြောင့် မိသားစုစားဝတ်နေရေးက မချောင်လည်ခဲ့ပါဘူး။
သူကမွေးချင်းမောင်နှမတွေထဲမှာ နံပါတ် ၅ ဆိုတာကြောင့် အိမ်ရဲ့တာဝန်များစွာမယူရပေမယ့် မိသားစုကို ထောက်ပံ ပေးချင်တဲ့ဆန္ဒနဲ့ ၁၀ တန်းစာမေးပွဲပြီးတော့ သာကေတစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်ဝင်ခဲ့တာဖြစ်ပါတယ်။
“အဲ့ဒီတုန်းက အလုပ်သမားအခွင့်အရေးဆိုတာ ဘာမှမရှိဘူး။ သူဖြုတ်ချင်တဲ့အချိန်ဖြုတ်တာ။ အလုပ်ချိန် ဆို လည်း တစ်နေ့ ကို ၁၄ နာရီလောက်အလုပ်လုပ်ရတယ်။ အိပ်ချိန်မရှိ၊ နားရက်မရှိဘူး။”လို့ မခိုင်ဇာအောင်က ပြောပါတယ်။
အလုပ်သမားတွေဟာ အချိန်များစွာအလုပ်လုပ်ရပေမယ့် လစာကတော့ တစ်လလုံးလုပ်မှ (၇၀၀၀) ကျပ်သာရရှိ ခဲ့တာပါ။ ခွင့်ဆိုလည်း တစ်လမှ တစ်ရက်သာနားခွင့်ရတာဖြစ်ပါတယ်။
သူ့အသက် ၁၆ နှစ်နဲ့ လုပ်ငန်းခွင်ဝင်ခဲ့ရလို့ ငယ်တယ်ထင်ရပေမယ့် တကယ့်အလုပ်ခွင်ထဲရောက်တဲ့အခါ အသက် ၁၂၊ ၁၃ အရွယ် ကလေးလုပ်သားလေးတွေပါ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်ရှင်တွေက အမျိုးသမီးလုပ်သားတွေအပေါ် ထိကပါးရိကပါးပြောတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာ တွေကို မြင်တွေ့တိုင်း သူဟာ စိတ်ဆိုးဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။အလုပ်သမားတိုင်းဟာ လူမူဖူလုံကြေး လတိုင်းပေးရပေမယ့် ခံစားခွင့်ကတော့ ဘာတစ်ခုမှမရခဲ့ဘူးလို့ သူက ဆိုပါတယ်။
လစာ (၇၀၀၀) ကျပ်ဆိုတာက အမျိုးသမီးလုပ်သားတစ်ဦးအတွက် ဘယ်လိုမှမလောက်ငှနိုင်တာတွေကြောင့် အမျိုးသမီးလုပ်သားတွေအဖို့တော့ အမျိုးသားလုပ်သားတွေထက် ပိုခက်ခဲစွာရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
“အလုပ်သမားတွေက လစာမလုံလောက်လို့ အတွင်းခံဝယ်ဝတ်ဖို့ တောင်အတော်ခက်ခဲတယ်။ နေမကောင်းရင် ဆေးခန်းမပြနိုင်ဘူး။ အိမ်ကို ငွေပို့နိုင်ဖို့ ငပိရည်နဲ့ ထမင်းစားရတယ်။ တလ( ၃၅၀၀) ကျပ်အိမ်ပို့ နိုင်ဖို့ရုန်းကန်ရတယ်” လို့ မခိုင်ဇာအောင်က ပြောပါတယ်။
သူအလုပ်စတင်လုပ်တဲ့ ၂၀၀၁ ခုနှစ်ကာလဆိုတာ စစ်အာဏာရှင်အစိုးရဖြစ်တဲ့ ဦးသန်းရွှေအုပ်ချုပ်နေတာဖြစ်ပြီး ပြည်သူတွေရဲ့စီးပွားရေး၊ ပညာရေးသာမက အရာအားလုံးနိမ့်ကျနေချိန်ဖြစ်ပါတယ်။
သူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း ရှာဖွေဖို့ အချိန်မရှိလောက်အောင် အလုပ်လုပ်ခဲ့ရပေမယ့် လုပ်အားနဲ့ တန်း တူညီမျှတဲ့ခံစားခွင့်တော့ ဘာတစ်ခုမှမရရှိခဲ့ပါဘူး။
ဒါပေမဲ့ သူက ဇွဲမလျော့ဘဲ အဝေးသင်တက္ကသိုလ်တဖက် စက်ရုံတဖက်နဲ့မအားတဲ့ကြားက ညပိုင်းတွေမှာကွန်ပျူ တာသင်တန်းတက်ရင်းဘဝတိုးတက်ရေးကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ညအချိန်မတော် လယ်ကွင်းတွေဖြတ်ပြီး သင်တန်းသွားတက်ရတာက အမျိုးသမီးတစ်ယောက်အတွက် အန္တ ရာယ်များ တယ်ဆိုပေမယ့် အရာရာတိုးတက်ချင်တဲ့စိတ်က အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
အဲ့ဒီကနေ စက်ရုံ ၅ ရုံလောက်ပြောင်းလုပ်ခဲ့ပြီး နောက်ဆုံးစက်ရုံမှာတော့ မခိုင်ဇာအောင်က စက်ရုံတစ်ခုမှာ စက် ချုပ်လိုင်း တစ်ခုရဲ့ခေါင်းဆောင်အဖြစ်နဲ့ အမြင့်ဆုံးလစာ (၃၅၀၀၀) ကျပ်ရရှိခဲ့တာဖြစ်ပါတယ်။ စီးပွားရေးမေဂျာ နဲ့ ကျောင်းပြီးတော့ အထည်ချုပ်စက်ရုံမှာ ဆက်မလုပ်တော့ဘဲ ၂၀၀၅ မှာ မီးရထားဝန်ဆောင်မှုလုပ်ငန်းမှာ အလုပ် ရခဲ့ပါတယ်။
“လစာက (၄၅၀၀) ကျပ်ရတယ်။ အခြေခံဝန်ထမ်းက (၃၀၀၀) ကျပ်ပဲရတယ်။ လစာမလုံလောက်တော့ ဝန် ထမ်း တွေ အကျင့် ပျက်လာဘ်စားတာတွေမျက်မြင်တွေ့ရတယ်။ အစိုးရအရာရှိဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးခဲ့ပေမယ့် အဲ့ဒါတွေကို မြင်ရတော့ အရာရှိလည်း မဖြစ်ချင်တော့ဘူး။”လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ အစိုးရဝန်ထမ်း အရာရှိဖြစ်ရင် ပတ်ဝန်းကျင်ကို ကောင်းအောင်တိုးတက်အောင်လုပ်ပေးနိုင်လိမ့်မယ် လို့ မှတ်ယူခဲ့တာဖြစ်ပါတယ်။
တကယ့်လုပ်ငန်းခွင်မှာက အဲ့လိုမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်း အကျင့်ပျက်မှုတွေ၊ အခွင့်အရေးချိုးဖောက်မှုတွေ၊ အလုပ်သမားတွေအနေနဲ့ ဂုဏ်သိက္ခာမရှိတဲ့အလုပ်တွေလုပ်နေရတာကို မြင်တွေ့ရတိုင်း သူက စိတ်မကောင်း ဖြစ်နေခဲ့တာပါ။
မခိုင်ဇာအောင်ဟာ ဘွဲ့ရပြီးတဲ့နောက် သူ့ဘဝတိုးတက်နိုင်မယ့် အခွင့်အလမ်းရှိမယ့် အလုပ်အကိုင်သစ်တွေကို ရှာ ဖွေနေခဲ့ပါတယ်။ ဒီအချိန်မှာ ထိုင်းမှအလုပ်လုပ်ပြီးပြန်လာတဲ့သူငယ်ချင်းဖြစ်သူရဲ့ဖိတ်ခေါ်မှုနဲ့ ထိုင်းနယ်စပ်မှာ အလုပ်သွား လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပထမတော့ အသက် ၂၁ သာရှိသေးတဲ့သူတို့သမီးကို မိဘတွေက ထိုင်းနယ်စပ်မှာ အလုပ်သွားမှာကို စိုးရိမ်တာ ကြောင့် မလွတ်ချင်ပေမယ့် မခိုင်ဇာအောင်ရဲ့သူငယ်ချင်းတွေနဲ့ အတူသွားမယ်ဆိုတဲ့အတွက် ခွင့်ပြုပေးလိုက် တာဖြစ်ပါတယ်။
သူရဲ့အလုပ်က ထိုင်းနိုင်ငံ၊ မဲဆောက်မှာရှိတဲ့အိမ်ရုံလောက်သာရှိတဲ့အထည်ချုပ်စက်ရုံမှာ တစ်လကို အမေရိ ကန်ဒေါ်လာ ၁၈၀ နဲ့အလုပ်အကိုင်ရခဲ့ပါတယ်။ အလုပ်က နေ့ခင်းထမင်းကျွေးပြီး ညစာကိုတော့ ကိုယ့်ဘာသာ ဝယ်စားရတာပါ။
“အိမ်ရုံဆိုတော့ သိပ်မရဘူး။ စက်ရုံကြီးတွေမှာတော့ တလကို ဒေါ်လာသုံး လေးရာဝင်ငွေရှိကြတယ်။ အဲ့မှာအမ အံသြသွားတယ်။ နယ်စပ်မြစ်လေးကူးတာနဲ့ လုပ်ခက အရမ်းကွာသွားတယ်။ ဘာလို့မြန်မာပြည်မှာ ၁၀ ဒေါ်လာ လောက်ပဲရလဲလို့ပေါ့။”လို့ ပြောပါတယ်။
ဒီမေးခွန်းရဲ့အဖြေကို ထိုင်းနိုင်ငံရောက်ကတည်းက တစ်ချိန်လုံး သူက စဉ်းစားနေခဲ့ပေမယ့် အဖြေမရဖြစ် နေပါ တယ်။
“အမ အလုပ်လုပ်တဲ့အချိန်ငွေကို အဓိကမထားဘူး။ ကိုယ့်တိုးတက်ရေးဘာရမလဲလို့ အမြဲကြည့်တယ်။ ကိုယ် စိတ်ဝင်စားတဲ့ အလုပ်ဖြစ်ဖို့အရေးကြီးတယ်။”လို့ မခိုင်ဇာအောင်က ခံယူထားတာဖြစ်ပါတယ်။
စက်ရုံမှာအလုပ်လုပ်နေရင်း တရက်မှာ အလုပ်ရှင်က သူတို့လစာတွေကို လျော့မယ်ဆိုတာနဲ့ပတ်သက်ပြီး ပထမ ဆုံးအကြိမ် စက်ရုံမှာ မခိုင်ဇာအောင်တို့ ဆန္ဒပြဖြစ်ခဲ့ပါတယ်။
စက်ရုံမှာ ၆ လလောက်အလုပ်လုပ်ပြီးတော့ တက်လမ်းမရှိဘူးဆိုကာ အလုပ်ထွက်ပြီး စက်ရုံကြီးတစ်ခုမှာ ပြောင်းရွှေ့လုပ် ကိုင်ခဲ့ပါတယ်။ စက်ရုံအသစ်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေကို မြန်မာနိုင်ငံက အလုပ်သမား တွေရဲ့ ရုန်းကန်ရမှုအခြေအနေတွေကို အချိန်ရရင်ရသလို ပြောပြနေခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်တာ ၁၀ နှစ်လောက်ရှိပြီဖြစ်တဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက မခိုင်ဇာအောင်ပြောပြတဲ့ အ ကြောင်းအရာ တွေဟာ သူတို့သင်တန်းဆရာပြောတာနဲ့တူတာကြောင့် လိုက်ခဲ့ဖို့ခေါ်ရာကနေစပြီး အလုပ်သမား အရေးလှုပ်ရှားသူဖြစ်ဖို့ လမ်းစဖြစ်လာခဲ့ပါတယ်။
သူက စက်ရုံကြီးမှာ အလုပ်စဝင်တဲ့ပထမအပတ်မှာပဲ ဆွေးနွေးပွဲကို လိုက်သွားခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲ ကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်FTUB (ယခုမြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)မှ ဦးဆောင်ကျင်းပခဲ့ပါတယ်။
ဒီ FTUB က ရွေ့ပြောင်းအလုပ်သမားနဲ့ပတ်သက်တဲ့ စီမံချက်ကနေ အလုပ်သမားတွေကို သင်တန်းပြန်ပေးတာ ဖြစ်တယ်။ အဓိကကတော့ အသိပညာပေးတာတင်မက အလုပ်သမားတွေရဲ့အမှုတွေကို လိုက်ပါဖြေရှင်းပေးတာ၊ လစာမရတဲ့ အခက် အခဲတွေကို ကူညီတာ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းပေးတာ တွေလုပ် နေတာပါ။
နောက် အကြောင်းအမျိုးမျိုးကြောင့် အလုပ်မရှိခင်စပ်ကြား အဖွဲ့မှခေတ္တနေထိုင်ခွင့်ပေးတာတွေအပြင် ရွှေ့ ပြောင်းအလုပ် သမားတွေရဲ့ကလေးတွေအတွက် ကျောင်းတွေပါ ဖွင့်ထားပေးတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီသင်တန်းကနေ သူ ထိုင်းရောက်ကတည်းက တောက်လျောက်သိချင်နေခဲ့တဲ့မြန်မာလုပ်သားတွေ အလုပ်ချိန် များပြီးလစာဘာလို့နည်းရတာလဲ။ ဆင်းရဲနေရတာလဲဆိုတဲ့မေးခွန်းရဲ့အဖြေတွေကို သိသွားခဲ့ပါ တယ်။
စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်မှာ ပညာရေးဆိုလည်း အရည်အချင်းမရှိတဲ့ပညာရေးဖြစ်ခဲ့ပြီး ပြည်သူ တွေကိုလည်း နေ့စဉ်စားဝတ်နေရေးနဲ့ လုံးပန်းခက်ခဲနေရအောင် လုပ်ထားလို့ ဆင်းရဲနေကြတာလို့ သိသွား ခဲ့တာဖြစ်ပါတယ်။
“ငါတို့နိုင်ငံ ဆင်းရဲနေတာဟာ အာဏာရှင်စနစ်အောက်မှာ ရောက်နေလို့ဖြစ်တယ်။ ငါတို့လူငယ်တွေ ဒီလိုဘဝနဲ့ အလုပ်လုပ်နေရတာ ဒီစနစ်ကြောင့်ဖြစ်တယ်။ ဒီစနစ်ကို တိုက်ရမယ်ဆိုတာသိသွားတယ်။”လို့ သူကပြောပါ တယ်။
ဒီနောက်မှာတော့ သူဟာ သူရှိတဲ့ စက်ရုံကို ထပ်မံလာရောက်တွေ့ဆုံတဲ့အဖွဲ့ချုပ်က စည်းရုံးရေးမှူးတွေနဲ့ အတူ သူသိလို တာတွေမေးမြန်းတာရှိသလို သင်တန်းကပေးတဲ့စာအုပ်တွေကိုလည်း လေ့လာဖတ်ရှုတာတွေလုပ်ခဲ့ တာဖြစ်ပါတယ်။
“အလုပ်သမားတွေနဲ့ နိုင်ငံအတွက် ပိုကောင်းအောင်လုပ်နိုင်မယ့်နည်းလမ်းတွေ ဒီသင်တန်းဆရာတွေဆီမှာရှိတယ် ။ သူတို့ သိမှာပဲလို့ယုံကြည်ပြီး အဖွဲ့မှာလာလေ့လာသူအနေနဲ့ ဝင်လုပ်တယ်။ စက်ရုံအလုပ်ကနေ ထွက်လိုက်ပြီး နေ့စားအဖြစ် သုံးရက်လုပ်တရက်နား အလုပ်လုပ်ပြီး အဖွဲ့မှာ လေ့လာစရာတွေကို လေ့လာမယ်ဆိုပြီး လုပ်ခဲ့ တယ်။ နေ့စားတော့လိုက်မလုပ်ခဲ့ရပါဘူး။ အဖွဲ့က ကျွေးတာစားပြီး လေ့လာခဲ့တယ်။ အလုပ်ထွက်လိုက်တော့ ဝင်ငွေတော့ မရှိတော့ဘူးပေါ့”လို့ မခိုင်ဇာအောင်က ရှင်းပြပါတယ်။
သူရဲ့ဆန္ဒက မြန်မာလူငယ်တွေ အလုပ်သမားတွေကို ကောင်းမွန်တိုးတက်တဲ့အလုပ်အကိုင်တွေရစေချင်သလို မြန်မာနိုင်ငံ ကိုလည်းအပြောင်းအလဲလုပ်ချင်တဲ့ဆန္ဒပြင်းပြနေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအချိန်ကနိုင်ငံအပြောင်းအလဲလုပ်ဖို့ဆိုတာက သူတစ်ယောက်ထဲနဲ့လုပ်လို့ရတယ်လို့ မှတ်ယူမှားခဲ့ဖူးကြောင်း သူကပြောပါတယ်။ သူဟာ အလုပ်ကနေထွက်ပြီး FTUB မှာ အဖွဲ့ဝင်မဟုတ်ဘဲ လေ့လာသူအနေနဲ့ ပါဝင်ခဲ့တယ်။
ဒီအဖွဲ့မှာပါဝင်ရင်း အလုပ်သမားအဖွဲ့အစည်းတွေ နိုင်ငံအပြောင်းအလဲအတွက် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို လေ့လာနေဆဲကာလမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးတာ၊ သင်တန်းပေးတဲ့ကိစ္စတွေ လုပ်ကိုင်ခဲ့ရ ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ မခိုင်ဇာအောင်ဟာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB ရဲ့အဖွဲ့ဝင်ဖြစ်လာ ခဲ့ပါတယ်။
“အဲ့မှာလုပ်ရင်း ထောင် ၂ ခါကျတယ်။ လက်မှတ်မဲ့ရွှေ့ပြောင်းအလုပ်သမားနဲ့နေလို့။ အမမှာလက်မှတ်မရှိဘူး။အဲ့ တော့ မြန်မာပြည်ပြန်ပို့ခံရတယ်။ ပြန်လာတယ်။ ဒီမှာဆက်လုပ်တယ်။”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUB)က အလုပ်သမားသမဂ္ဂမြေအောက်လှုပ်ရှားမှု လုပ်နေတဲ့ အဖွဲ့ အစည်း ဖြစ်ပြီး ဒီအဖွဲ့က နိုင်ငံရေးတပ်ပေါင်းစုဖြစ်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)မှာ လည်း ပါဝင်နေတာဖြစ်ပါတယ်။
၂၀၀၉ မှာ FTUB ညီလာခံလုပ်တော့ တက်ရောက်သူတွေရဲ့စာရင်းက ပေါက်ကြားသွားတဲ့အတွက် မခိုင်ဇာအောင် အပါ အဝင်တက်ရောက်သူအများစုရဲ့နေအိမ်တွေရှာဖွေခံရတာ ဖမ်းဆီးခံရတာတွေဖြစ်လာခဲ့တယ်။
မခိုင်ဇာအောင်ရဲ့မြန်မာပြည်က မိဘအိမ်လည်းရှာဖွေခံခဲ့ရပေမယ့် မိခင်နာမည်မှားပြီး ရှာဖွေတာကြောင့် မတွေ့ သွားတာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး မခိုင်ဇာအောင်ဟာ မြန်မာပြည်ကို ပြန်လို့မရတော့ပါဘူး။
အဲ့ဒီကာလက FTUB က NCUB မှာပါဝင်ပြီး ILO မှာလည်း ဦးမောင်မောင်က အလုပ်သမားသမဂ္ဂကိုယ်စား လှယ် အနေနဲ့ စစ်တပ်က ကျူးလွန်တဲ့အဓမ္မခိုင်းစေမှုတွေကို အရေးယူနိုင်ဖို့ တစိုက်မတ်မတ်လုပ်နေတာကြောင့် အခုလို ရှာဖွေဖမ်းဆီးခံရတာဖြစ်ပါတယ်။
ဦးမောင်မောင်က အဲ့ဒီကာလမှာ FTUB ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သလို ပြည်ထောင်စုမြန်မာနိုင်ငံအမျိုး သားကောင်စီ NUCB မှာလည်း အထွေထွေအတွင်းရေးမှူးတစ်ယောက်လည်းဖြစ်ပါတယ်။
မခိုင်ဇာအောင်အနေနဲ့ နေရပ်ပြန်လို့မရတော့သလို FTUB ရုံးကလည်း ရှာဖွေခံရလို့ ပိတ်သွားပြီးနောက် မဲဆောက်မှာရှိတဲ့နိုင်ငံ ရေးတပ်ပေါင်းစုဖြစ်တဲ့ NCUB ရုံးမှာအဖွဲ့ရဲ့တာဝန်ပေးမှုနဲ့ဝင်ရောက်လုပ်ကိုင်ခဲ့ ပါတယ်။
သူဟာ ယခင်က နိုင်ငံရေးနဲ့ ပတ်သက်ပြီးဘာမှ မသိခဲ့ပေမယ့် NCUB လို နိုင်ငံရေးတပ်ပေါင်းစုမှာ အလုပ်လုပ်ရ တော့မှ နိုင်ငံရေးကိုစိတ်ဝင်စားလာခဲ့တယ်လို့ ပြောပါတယ်။
NCUB မှာ ရုံးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ တစ်နေ့တာအလုပ်ချိန်အတွင်း မှာ နိုင်ငံရေးနဲ့ ညပိုင်းတွေ မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး၊ FTUB အနေနဲ့ ILO နဲ့ အပြည်ပြည်ဆိုင်ရာမှာစစ်အာဏာရှင်ကိုအရေးယူနိုင် ရေးအတွက် ရုံးပိုင်းဆိုင်ရာ သတင်းအချက်အလက်သိမ်းဆည်းတဲ့အလုပ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် အလုပ်သမားသမဂ္ဂဆိုင်ရာ သဘောတရားတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေကိုလည်း လေ့လာရတာဖြစ် ပါတယ်။
“အဲ့အချိန်က သမဂ္ဂဖြစ်ချင်တဲ့စိတ်နဲ့ဝင်လာတာမဟုတ်ဘူး။ အပြောင်းအလဲဖြစ်ဖို့ပဲဆန္ဒရှိခဲ့တာ။ အဲ့မှာ အလုပ် သမားသမဂ္ဂဆိုတာ နိုင်ငံအတွက် အရေးကြီးတဲ့အခန်းကဏ္ဍဆိုတာ နားလည်သွားတယ်။”လို့ မခိုင်ဇာအောင်က ဆိုပါတယ်။
သူဟာ ရာထူး၊ လစာဆိုတာထက် မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့အခြေအနေတိုးတက်ရေးသာ လုပ်သွားနိုင်ဖို့ အလေးထားဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။
NCUB မှာ ငါးနှစ်ကျော်အလုပ်လုပ်ပြီးနောက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ အသိပညာရှင်၊ အတတ်ပညာရှင် တွေကို ပြန်ခေါ်တော့ မခိုင်ဇာအောင်တို့လည်း အဖွဲ့အတွင်းဆွေးနွေးမှုတွေလုပ်ပြီး ILO နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ၂၀၁၂ခုနှစ် မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
“အမတို့ပြန်လာတဲ့အချိန်မှာ အလုပ်သမားပြဿနာတွေကြောင့် ဆန္ဒပြတာတွေ အများအပြား ဖြစ်နေတယ်။ အဲ့ တော့အမတို့က အလုပ်သမားတွေကို ဥပဒေတွေသင်ပေးတယ်။ ညှိနှိုင်းရေးတွေကို ဝိုင်းဝန်းကူညီပေးတယ်။”လို့ သူက ပြောပါတယ်။
သူဟာ မြန်မာပြည်ပြန်ရောက်တာနဲ့ အလုပ်သမားသမဂ္ဂအဖြစ်နဲ့ အထည်ချုပ်အလုပ် သမားတွေ အရေးသာမက လယ်သမား၊ သတ္တုတွင်းလုပ်သားတွေနဲ့ အခြားကဏ္ဍမှအလုပ်သမားတွေကို စည်းရုံးရေး၊ ပညာ ပေးရေး၊အငြင်း ပွားမှုဖြေရှင်းရေး နဲ့ အလုပ်သမားဥပဒေတွေကို ပြင်ဆင်ရေးကိစ္စတွေမှာ တောက်လျှောက်လုပ် ခဲ့တာဖြစ်ပါ တယ် ။
ဒါ့အပြင် အလုပ်သမားသမဂ္ဂလှုပ်ရှားမှုအနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့လည်း စေ့စပ်ညှိနှိုင်းမှု တွေမှာ ပါဝင်ခဲ့ ပြီး အလုပ်သမားတွေ တစ်ပတ်မှာ တစ်ရက်ခွင့်နားခွင့်ရအောင် လုပ်နိုင်ခဲ့သလို လူမူဖူလုံရေး ခံစားခွင့်ရရှိရေးအတွက်လည်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။
နောက် အထည်ချုပ်စက်ရုံတွေမှာ အမျိုးသမီးတွေအများဆုံးကြုံတွေ့နေရတဲ့လိင်ပိုင်းဆိုင် ရာနှောင့်ယှက်ခံရတာ တွေ အတွက် အဖွဲ့ချုပ်မှာ ရှေ့နေတွေ အခမဲ့ထားရှိပေးတာ၊အမှုလိုက်ပါဆောင်ရွက်ပေးတာတွေလည်း ရှိခဲ့ပါ တယ်။
“ပထမတော့ ကျူးလွန်သူကို တောင်းပန်ခိုင်းတယ်။ နောက်မလုပ်နဲ့ပြောတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ သူတို့က လုပ်လာ တာဆိုတော့ အလုပ်သမားတွေကို ဘာလုပ်နိုင်မှာလဲဆိုတဲ့အထာနဲ့ ကျူးလွန်ကြတယ်။”လို့သူကပြောပါ တယ်။
သူဆောင်ရွက်ပေးခဲ့တဲ့အမှုတွေထဲက ၂၀၁၃ နှစ်ကုန်ပိုင်းလောက်ဖြစ်တဲ့အမှုဆိုရင် လှိုင်သာယာစက်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ အလုပ်ဆင်းတဲ့အချိန် တံခါးဖွင့်ပေးဖို့ပြောကြရင်း အဆင်မပြေဖြစ်ကာ လုပ်သား အမျိုးသမီးကိုတာဝန်ခံ က ချုပ်ထားပြီး superviser လုပ်တဲ့အမျိုးသားက ထိုးနှက်ခဲ့တာပါ။
“မိန်းကလေးရဲ့ဗိုက်ကိုထိုးတာ။ ဆေးစာလည်း အမတို့ရထားတယ်။ ပထမတော့ မိန်းကလေးရဲ့ဆန္ဒနဲ့ တောင်းပန် ခိုင်း တယ်။ မတောင်းပန်တော့ အမှုဖွင့်တယ်။ တရားရုံးက ပထမအမှုမဖွင့်ပေးဘူး။ ရဲစာပါမှဆိုတော့ သွားယူ တော့ ဒီအမှုက မဖြစ်ခဲ့လို့ ရဲက မပေးဘူးတဲ့။ အလုပ်ရှင်ရဲ့ဝိတ်နဲ့ ရဲကငြင်းတာနော်။”လို့ မခိုင်ဇာအောင်ကပြော ပါတယ်။
အမှုဖွင့်ပြီဆိုတော့မှ ကျူးလွန်သူဘက်က လာတောင်းပန်တော့ အမျိုးသမီးလုပ်သားက လျော်ကြေးပေးမှ အမှု ပိတ်ပေး မယ်ဆိုတဲ့အတွက် သူတို့နဲ့ညှိရင်း လျော်ကြေးငွေ ၁၅ သိန်းကျပ်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီနောက်ပိုင်း အလုပ်သမားသမဂ္ဂက အလုပ်သမားတွေကို ပံ့ပိုးနိုင်တယ်။ ရပ်တည်ပေးနိုင်တယ်။ လုပ်နိုင်တယ် ဆိုတာကို သိရှိသွားခဲ့ပါတယ်။ သမဂ္ဂတွေမှာလည်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေ မလုပ်ဖို့ လုပ်ခဲ့မယ်ဆိုရင် လက်မခံဘူးဆိုတဲ့သင်တန်းတွေတောက်လျောက်ပေးတာဖြစ်ပါတယ်။
သူဟာအစည်းအဝေးတိုင်းမှာလည်း အမျိုးသမီးလုပ်သားတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေ မလုပ်ကြ ဖို့ ဒါကိုကျုးလွန်မယ်ဆိုရင် လုံးဝသည်းမခံကြောင်း ပြတ်သားစွာ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ကျူးလွန်မှုဖြစ် တာနဲ့ အရေးယူမယ်ဆိုပြီး ပေါ်လစီချမှတ်ကာ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
“အငြင်းပွားမှုဖြေရှင်းရေးလုပ်တော့ ညဘက်တွေပြန်ရတာရှိတယ်။ အမှန်တော့ ဒီအလုပ်က အရမ်းအန္တရာယ် များတယ်။ အလုပ်ရှင်တွေက လူမိုက်ဌားသတ်ခိုင်းတာတွေရှိတယ်။ ခြိမ်းခြောက်ခံရတာတွေနဲ့လည်း ကြုံရ တယ်။”လို့ မခိုင်ဇာအောင် က ပြောပါတယ်။
မခိုင်ဇာအောင်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံအဆင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဖြစ်တဲ့ (CTUM)ရဲ့ ဗဟို ဦးဆောင် ကော်မတီဝင်တစ်ဦး ဖြစ်လာခဲ့သလို မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ ချုပ် (IWFM)မှာလည်း ဥက္ကဋ္ဌအဖြစ် ၂ ကြိမ်တိုင်တိုင် ရွေးချယ်ခံထားရသူပါ။
လက်ရှိမှာလည်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)ရဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး CTUM မှာလည်း တာဝန်ထမ်းနေဆဲဖြစ်ပါတယ်။
“၂၀၁၅ မှာ အနည်းဆုံး လုပ်ခကြေးငွေတွေသတ်မှတ်နိုင်ခဲ့တယ်။ ၃၆၀၀ ကို နည်းတယ်လို့ပြောကြတယ်။ အဲ့ဒီ အချိန်က တရက်ကို ၇၀၀ ကျပ်ပဲရတာလေ။ တရက်ကို ၁၂၀၀ တောင်းလို့ ထောင်ကျသွား တဲ့အလုပ်သမား တွေ ရှိတယ်။ အာဏာ မသိမ်းခင်ကတော့ အလုပ်သမားအခွင့်အရေးအတွက် လုပ်ဆောင်ရာမှာ အောင်မြင်မှုတွေများ ခဲ့ပါတယ်။”လို့ ပြောပါတယ်။
မခိုင်ဇာအောင်ဟာ အာဏာမသိမ်းခင် ၃ လလောက်အလိုမှာ အဖွဲ့ချုပ်က လွှတ်လို့ ဂျာမဏီမှာကျောင်းတက်နေခဲ့ တာ ဖြစ်ပါတယ်။
စာသင်တာကို ရပ်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ကိုင်ရင်း အလုပ်သမားပြဿနာတွေကို ဖြေရှင်းပေးနိုင် အောင်ကြိုးစားခဲ့ပေမယ့် စက်ရုံမှာရှိတဲ့ အလုပ်သမားခေါင်းဆောင်တွေကိုအသက်အန္တရာယ် ရန်ရှာတာတွေဖြစ်လို့ အငြင်းပွားဖြေရှင်းမှုတွေကို ရပ်ခဲ့လိုက်ရပါတယ်။
စစ်တပ်က အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးတာ ဖြိုခွင်းတာတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီတော့ အလုပ်သမားခေါင်းဆောင်တွေဟာ လွှတ်မြောက်ရာနယ်မြေတွေဆီ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။
“အခုဆိုရင် သမဂ္ဂတွေမရှိတော့ အလုပ်သမားတွေမှာ အမျိုးစုံသော အခွင့်အရေးတွေချိုးဖောက်ခံနေရတယ်။ အဓမ္မစေ ခိုင်းခံရတယ်။ ကလေးလုပ်သားတွေအပြင် အမျိုးသမီးလေးဆို နုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ စော်ကားခံနေရတယ်။ အလုပ်ပြုတ်မှာစိုးတော့ မပြောရဲကြဘူး။ အရမ်းရင်နာဖို့ကောင်းတယ်။”လို့ သူကပြောပါ တယ်။
တိမ်းရှောင်နေရတဲ့အလုပ်သမားတွေကို ပံ့ပိုးနိုင်ဖို့အတွက် မခိုင်ဇာအောင်ဟာ ရန်ပုံငွေရှာပေးတာအပြင် အလုပ် သမား အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ အမျိုးသမီးလုပ်သားတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာ ပြောဆို တာတွေစတဲ့ ကျူးလွန်မှုတွေကို ILO ကိုတင်ပြပြီး အရေးယူနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒါတွေကြာင့် အလုပ်သမားသမဂ္ဂခေါင်းဆောင် ခိုင်ဇာအောင်ကို နော်ဝေအခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တခုက အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအခွင့်အရေးအတွက် ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဒီအတွက် မခိုင်ဇာအောင်က“ကျမ အသက်ရှင်နေသရွှေ့ လုပ်နိုင်နေသမျှကာပတ်လုံး ဒီအလုပ်သမားအရေး ကိစ္စကို တတ်နိုင်သလောက်လုပ်ကိုင်သွားမှာပါ။”လို့ ဆိုပါတော့တယ်။