အနည်းဆုံး အခကြေးငွေဆိုင်ရာ EuroCham Myanmar Garment Advocacy Group ထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ IWFM ၏ သဘောထားထုတ်ပြန်ချက်

အနည်းဆုံး အခကြေးငွေဆိုင်ရာ EuroCham Myanmar Garment Advocacy Group ထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ IWFM ၏ သဘောထားထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် မေလ (၁) ရက်
၁။ အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းအပါအဝင် မြန်မာ့စက်မှုကဏ္ဍမှ အလုပ်သမား ထောင်ပေါင်းများစွာကို ကိုယ်စားပြုသော မြန်မာနိုင်ငံစက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) အနေဖြင့် EuroCham Myanmar Garment Advocacy Group မှ မကြာသေးမီက ထုတ်ပြန် ထားသော “မြန်မာနိုင်ငံ၏ အနည်းဆုံးအခကြေးငွေ ပြောင်းလဲမှုမရှိခြင်းနှင့် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုအပေါ် သက်ရောက်နေသော အကျိုးဆက်များကို စိုးရိမ်ကြောင်း” ထုတ်ပြန်ချက်ကို အသိအမှတ်ပြုပြီး သတိကြီးစွာကြိုဆိုပါသည်။ အလုပ်သမားများနှင့် အလုပ် သမား သမဂ္ဂများ၏ အစဉ်တစိုက်တိုင်ကြားမှုများနှင့် လှုံဆော်မှုများ ပြုလုပ်နေခြင်း လေးနှစ်ကျော် ကာလ ကြာပြီးနောက် အဆိုပါထုတ်ပြန်ချက်သည် နောက်ကျ၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှစတင်၍ လုပ်အားခ များ ပြောင်းလဲမှုမရှိခဲ့ဘဲ ယခုအခါတွင် ဒေသတွင်း စံနှုန်းများ နှင့် လူနေမှုအဆင့်များအောက် ကျရောက်နေသည့် အခြေအနေကို အချို့သော ကုန်အမှတ်တံဆိပ်များ (Brands)နှင့် စီးပွားရေး ရင်းနှီးမြှပ်နှံသူများမှ နောက်ကျစွာ အသိအမှတ်ပြုလာခြင်း ဖြစ်သည်။
၂။ “မလုံလောက်သော အနည်းဆုံးအခကြေးငွေသည် အလုပ်သမားများ၏ လုပ်ခလစာကို နည်းစေခြင်း၊ အလုပ်ခွင်အငြင်းပွားမှုများ ဖြစ်ပေါ်စေခြင်း၊ အလုပ်သမားများ လုပ်ငန်းခွင် တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းမှုနှုန်းကို မြင့်မားစေခြင်း၊ အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းနှင့် လုပ်ငန်း အထူး ကျွမ်းကျင်မှု အရည်အချင်းများ ဆုံးရှုံးခြင်း တို့ကို ဖြစ်ပေါ်စေကြောင်း နှင့် ဤဖြစ်ရပ်မှန်သည် “မြန်မာနိုင်ငံတွင် ထုတ်ကုန်များ ထုတ်လုပ်နေသည့် ကုန်အမှတ်တံဆိပ် (Brands) အတွက် သိသာ ထင်ရှားသော ဂုဏ်သိက္ခာဆိုင်ရာထိခိုက်နိုင်မှု အန္တရာယ် ကို ဖြစ်ပေါ်စေသည်” ဟု EuroCham ၏ အသိအမှတ်ပြုမှုကို ကျွန်ုပ်တို့ သဘောတူပါသည်။ ဤအချက်သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်း
IWFM နှင့် အခြားသူများ ထပ်ခါတလဲလဲ အစီရင်ခံခဲ့သော “ မြန်မာအလုပ်သမားများအား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ ပိုမိုများပြားစွာ ဖြစ်ပွားလျက်ရှိသည်ဆိုသည့် အခြေအနေသည် လျစ်လျူရှု၍ မရနိုင်ပါ” ဆိုသည့် အချက်ကို ထင်ဟပ်စေပါသည်။
၃။ သို့သော် EuroCham ၏ ထုတ်ပြန်ချက်သည် ပြဿနာကို အသိအမှတ်ပြုနေစဉ်တွင် ကဏ္ဍ အတွင်း ဖြစ်ပေါ်နေသည့် လုပ်ငန်းခွင်အခြေအနေနှင့် လူနေမှုအခြေအနေများအား ကျဆင်းသွားစေ သည့် အရေးကြီးသည့်အချက်များနှင့် အပြန်အလှန်ဆက်စပ်နေသည့် အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်။ ထိုအချက်များတွင် အောက်ပါ အချက်များလည်း ပါဝင်သည်။
• အလုပ်ချိန်များပြားခြင်း၊ လုပ်ခမရဘဲ သို့မဟုတ် လုပ်ခ အပြည့်အဝမရဘဲ အချိန်ပိုဆင်းရ ခြင်း၊ အလုပ်သမားများအား စက်ရုံတွင် အတင်းအကျပ် ညအိပ် အလုပ်လုပ်စေခြင်း။
• အလုပ်ခွင်အတွင်းနှင့် အလုပ်သွားနေစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် နှောင့်ယှက်ခံနေရမှု များ၊ အထူးသဖြင့် အမျိုးသမီး အလုပ်သမားများကို ထိခိုက်စေခြင်း။
• အတင်းအကြပ်စစ်မှုထမ်းခံရမည်ကိုကြောက်ရွံ့နေရခြင်း၊ အထူးသဖြင့် ထောင်ပေါင်းများစွာ သောလူငယ်အမျိုးသမီးများသည် အလုပ်မှနှုတ်ထွက်၍ ထွက်ပြေးတိမ်းရှောင်နေရခြင်း။
• အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၏ အခွင့်အရေးများကို ချိုးဖောက်၍ ဖမ်းဆီးခြင်း၊ နှောက်ယှက်ခြင်းများ ဆက်တိုက်ကျူးလွန်နေသည့် မြန်မာ စစ်တပ်၏ ဥပဒေမဲ့ဖိနှိပ်မှုများ၊ အလုပ်သမားများမှာ အကြောက်တရားဖြင့် နေထိုင်နေရ သည့် အခြေအနေများ၊ ထိုချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်သည် ပြစ်ဒဏ်ပေးခံရ ခြင်းမှ ကင်းလွှတ်နေသည့် အခြေအနေများ။
နိုင်ငံရေးပြောင်းလဲမှုမရှိဘဲ အလုပ်သမားများအတွက် အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုသည် မဖြစ်နိုင်ကြောင်း အဆိုပါကိစ္စရပ်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။
၄။ အဆိုပါထုတ်ပြန်ချက်တွင် တရားဝင် အနည်းဆုံးအခကြေးငွေ ကို သိသိသာသာ တိုးမြှင့်ပေးရန် တောင်းဆိုမှုသည် မူအားဖြင့် ချီးမွမ်းဖွယ်ကောင်းသော်လည်း လက်တွေ့ကျသော မေးခွန်းများ ထွက်ပေါ်လာသည်။ ကျယ်ပြန့်သော ဖိနှိပ်မှုများနှင့် တရားဥပဒေစိုးမိုးမှု ပြိုလဲနေသည့် လက်ရှိ အခြေအနေများအောက်တွင် ယင်းကဲ့သို့သော လုပ်ခလစာ ညှိနှိုင်းမှုအား လက်တွေ့ကျကျ မည်သို့ အောင်မြင်နိုင်ပါမည်နည်း။
အထည်ချုပ်စက်ရုံများ တည်ရှိရာ စက်မှုဇုန်အများစုတွင် စစ်တပ်မှ စစ်အုပ်ချုပ်ရေး ပြဌာန်းထားပြီး စက်ရုံပိုင်ရှင်များက အလုပ်သမားဆန္ဒပြမှုများ နှိမ်နှင်းရန် သို့မဟုတ် လုပ်ခလစာ တိုးမြှင့်ရေးညှိနှိုင်းရန်ရည်ရွယ်၍ အလုပ်သမားအနည်းငယ်စုဝေးမှုကို နှိမ်နှင်းရန် စက်ရုံပိုင်ရှင်များက စစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့များထံ တောင်းဆိုသည့် ဖြစ်ရပ်များ/ ဖိနှိပ် ဖြိုခွဲခဲ့သည့် ဖြစ်ရပ်များ များစွာ ရှိခဲ့သည်။ IWFM မှ ထပ်ခါတလဲလဲ သတိပြုမိခဲ့သည့်အတိုင်း၊ အထူးသဖြင့် တရုတ်နိုင်ငံသား ပိုင် စက်ရုံများတွင် လုပ်ခလစာ ညှိနှိုင်းမှု အများစုသည် ဤဖိနှိပ်မှု အခြေအနေများကြောင့် လည်းကောင်း၊ တရားဝင်အစိုးရနှင့် လွတ်လပ်စွာလည်ပတ်နိုင်သည့် အဖွဲ့အစည်းယန္တားများ မရှိခြင်း တို့ကြောင့် တိုးတက်မှုမရှိခဲ့ပေ။ စစ်အာဏာရှင်သည် လုပ်ခသတ်မှတ်ရေး လုပ်ငန်းစဉ်များတွင် ယုံကြည်ရလောက်သော သို့မဟုတ် ယုံကြည်ထိုက်သော ကိုယ်စားပြုမှု မရှိပါ။ ၎င်း၏ လုပ်ဆောင် ချက်များသည် တရားမျှတပြီး ငြိမ်းချမ်းသော အလုပ်သမား တွေ့ဆုံ ဆွေးနွေးရေး ဖြစ်နိုင်ခြေကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။
၅။ ထို့အပြင် မြန်မာနိုင်ငံသို့ ဦးစွာ ဝင်ရောက်လာခဲ့ကြသော ဥရောပမှ အပါအဝင် နိုင်ငံတကာမှ အထည်ချုပ်ရင်းနှီးမြုပ်နှံသူများသည် ၎င်းတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာချိန် (လုပ်ခလစာများ ယခုကဲ့သို့ လွန်စွာနည်းပါးသည့်ကာလ) တွင် ယာယီ ကြားဖြတ်လုပ်ခ ကို စျေးကွက်အဆင့်ထက် မိမိဆန္ဒအလျောက် ပေးဆောင်ရန် သဘောတူညီခဲ့ကြသည်ကို သတိပြုရန် အရေးကြီးပါသည်။
(Interim Wage - ယာယီကြားဖြတ်လုပ်ခဆိုသည်မှာ ဝန်ထမ်းတစ်ဦး၏ ပုံမှန်လစာအား ယာယီပြင်ဆင်မှုဖြစ်သည်။ ပုံမှန်အားဖြင့် လစ်လပ်နေသော အခန်းကဏ္ဍ (အနည်းဆုံး အခကြေးငွေ ပြင်ဆင်ခြင်းကဲ့သို့)ကို ဖြည့်ဆည်းရန် လိုအပ်နေချိန်တွင် အလုပ်သမားအားပေးရန် သတ်မှတ်ပေး သည့် လစာ (ကာလတစ်ခုထိအတွက်) ဖြစ်သည်။ ထိုလုပ်ဆောင်ချက်တွင် ရာခိုင်နှုန်းတိုးခြင်း၊ များပြားသော ဆုကြေးငွေ သို့မဟုတ် လက်ရှိလစာမှ လစာနှုန်းထား အသစ်တစ်ခုသို့ သတ်မှတ်သည့် ပုံစံဖြင့် ဆောင်ရွက်နိုင်သည်။)
ထိုသမိုင်းဝင် သဘောတူညီချက်အရ ကုမ္ပဏီများသည် အစိုးရတစ်ခု၏ အမိန့်ကို မစောင့်ဘဲ လုပ်ခလစာတိုးမြင့်ရန် လွတ်လပ်စွာလုပ်ဆောင်နိုင်ကြောင်း ရှင်းရှင်းလင်းလင်းပြသထားသည်။ ယနေ့တွင် EuroCham နှင့် ၎င်း၏အဖွဲ့ဝင်များသည် အလားတူလုပ်ဆောင်နိုင်သည်။
၆။ အကယ်၍ မြန်မာနိုင်ငံတွင် ဆက်လက်နေရန်အတွက် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်အမှတ်တံဆိပ် များက ဆုံးဖြတ်ပါက အလုပ်သမားများအား လစာတိုးမြှင့်ပေးရန်အတွက် နှောင့်နှေးကြန့်ကြာြခင်း
သည် မြန်မာနိုင်ငံတွင် တရားဝင်အစိုးရမရှိ၍ အနည်းဆုံးအခကြေးငွေ ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိ
ဆိုသည့် အကြောင်းပြချက် ကို မသုံးသင့်ပေ။ ကုန်အမှတ်တံဆိပ် (Brands) များသည် အလုပ်သမားများ အခက်ကြုံနေရကြောင်း ဝန်ခံသည်နှင့် မလုံလောက်ဘဲ လုပ်အားခများ ဆန္ဒ အလျောက် မြှင့်တင်ရန် စွမ်းရည်နှင့် တာဝန်ရှိသည်။
Brands များသည် လုပ်အားခ တိုးမြှင့်ပေးရန်အတွက် “တရားဝင်အစိုးရ” ကို ပြန်လည်ရရှိရန် စောင့်ဆိုင်းနေခြင်းသည် လုပ်အားခ ခေါင်းပုံဖြတ်အမြတ်ထုတ်နေနိုင်သည့်အခြေအနေကို ထိန်းသိမ်း ထားရန် အဆင်ပြေသည့်အကြောင်းပြချက်တစ်ခုပေးနေခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ သို့မဟုတ် ခိုလှုံရာမဲ့နိုင်ငံသားများကို နေ့စဉ်နေ့တိုင်း ဗုံးခွဲသတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီသည် အနည်းဆုံး အခကြေးငွေကို တိုးမြှင့်ရန် ဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ခြင်းသည် လွှဲမှားနေသော ယုံကြည်ချက်သာ ဖြစ်သည်။ ထိုအယူအဆနှစ်ခုစလုံးသည် အလုပ်သမားများ၏ နစ်နာမှုနှင့် အမှတ်တံဆိပ်များအတွက် ဂုဏ်သိက္ခာဆိုင်ရာထိခိုက်နိုင်မှုအန္တရာယ်များကို အသိအမှတ် ပြုသည့် EuroCham ထုတ်ပြန်ချက်တွင် တွေ့မြင်ရသည့် ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
၇။ ဤအခြေအနေတွင် လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်များနှင့် လုပ်ထုံးလုပ်နည်းများ (due diligence) ကို လိုက်နာအကောင်အထည်ဖော်ဆောင်နိုင်ရန်မှာ ဖြစ်နိုင်သည့်အခြေအနေတွင် မရှိပေ။ စစ်အုပ်ချုပ်ရေးအောက်တွင်ရှိသော အခြေအနေသည် ပွင့်လင်းမြင်သာသော အလုပ်သမား ကိုယ်စားပြုမှုကို တားဆီးထားသည်၊ အလုပ်သမားများ၏ မကျေနပ်ချက်များကို ဖိနှိပ်ထားသည်၊ ချိုးဖောက်နေမှုများကို ဖုံးကွယ်ထားသည်။ ဤဖြစ်ရပ်မှန်သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်အမှတ်တံဆိပ် (Brands) အားလုံးအတွက် သိသာထင်ရှားစွာ ကြီးထွားလာနေသော စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များကို ဖော်ညွှန်းပြပေးပါသည်။
၈။ EuroCham ၏ထုတ်ပြန်ချက်သည် အမှတ်တံဆိပ် Brands မည်မျှက လက်ခံပံ့ပိုးထားသည်ကို ရှင်းရှင်းလင်းလင်းမဖော်ပြထားသောကြောင့် ထိုထုတ်ပြန်ချက်သည် ပွင့်လင်းမြင်သာမှု ကင်းမဲ့ ကြောင်း ကျွန်ုပ်တို့ စိတ်ပျက်စွာဖြင့် သတိပြုမိပါသည်။ အချို့သော အရေအတွက် နည်းပါးလှသည့် ကုမ္ပဏီများသည် စျေးနှုန်း သို့မဟုတ် အချိန်ပိုတွက်ချက်မှုများကို ချိန်ညှိရန် တစ်ဦးချင်းခြေလှမ်းများ လုပ်ဆောင်နေနိုင်သော်လည်း၊ နေထိုင်မှုလုပ်ခ၊ သင့်တင့်လျောက်ပတ်သောအလုပ်နှင့် အလုပ်သမား အခွင့်အရေး ကာကွယ်မှုများအတွက် ကဏ္ဍတစ်ခုလုံးအနေဖြင့် ကတိကဝတ်များ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
၉။ ထို့ကြောင့် EuroCham နှင့် ၎င်း၏ အဖွဲ့ဝင်အမှတ်တံဆိပ် (Brands) များအား အောက်ပါတို့ကို ဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။
က) အဆိုပါထုတ်ပြန်ချက်ကို ထောက်ခံသည့်ကုမ္ပဏီများနှင့် ၎င်းတို့၏လက်ရှိလုပ်ခလစာ ပေးနေသည့် စနစ်များကို လူသိရှင်ကြားထုတ်ဖော်ရန်၊
ခ) EuroCham အဖွဲ့ဝင်များ၏ ကုန်ပစ္စည်းများကို ထုတ်လုပ်နေသော စက်ရုံများတွင် အနိမ့်ဆုံးအဖြစ် ပေးနေသည့် နေ့စဉ်နှုန်းထားအဖြစ် ကြေညာထားသည့် 6,800 MMK ကို အခြေခံ၍ အချိန်ပိုကြေးများ တွက်ချက်ပေးဆောင်ရန် သေချာအောင် ချက်ချင်း ဆောင်ရွက် ရန်၊
ဂ) မြန်မာနိုင်ငံရှိ စက်ရုံများအားလုံးတွင် နေထိုင်စားသောက်မှုအတွက် လုံလောက်သည့် လုပ်အားခ သတ်မှတ်ချက်စံညွှန်းကို မိမိဆန္ဒအလျောက် ထူထောင်ရန်နှင့် ၎င်းအတွက် ထိရောက်သော အကောင်အထည်ဖော်မှုအခြေအနေအား ပွင်းလင်းမြင်သာစွာ ထုတ်ဖော် ကြေညာရန်၊
ဃ) စစ်တပ်၏ အလုပ်သမားများနှင့် ပြည်သူများအပေါ် စနစ်တကျ တစိုက်မတ်မတ် ဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံတွင် လွတ်လပ်သော အလုပ်သမားသမဂ္ဂများသည် လွတ်လပ် ပွင့်လင်းစွာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းနှင့် ပြည်သူ့ လွတ်လပ်မှု (လုံးဝ) ကင်းမဲ့နေခြင်း ဆိုသည့် အဖြစ်မှန်ကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ကြေညာရန်၊
င) EuroCham နှင့် ၎င်း၏အဖွဲ့ဝင်များသည် Due diligence ကို အကောင် အထည်ဖော်ဆောင်နေမှု အဖြစ် အလုပ်သမားသမဂ္ဂများနှင့် ထိတွေ့ဆက်ဆံနေသည်ဟု ပြောဆိုမှုများကို မပြုလုပ်ရန် ကျွန်ုပ်တို့ သတိပေးပါသည်။ လက်ရှိတွင် မြန်မာပြည်တွင်းရှိ အလုပ်သမားသမဂ္ဂများနှင့် ပူးပေါင်း၍ လုပ်ငန်းများဖော်ဆောင်နေသည်ဟု ပြောဆိုနေခြင်း သည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်း အပင်းဖွဲ့စည်းခွင့်ရှိသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေသည့် အဓိပ္ပါယ်သက်ရောက်သော အန္တရာယ်များ ဖြစ်စေသည်။ ထိုသို့ပြောဆိုမှုသည် Due diligence ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သက်သေအဖြစ် ပြသနေသည့်အစား ၎င်းသည် စစ်အာဏာရှင်လက်အောက်တွင် တာဝန်ရှိသော စီးပွားရေး လုပ်ဆောင်မှုများ (Responsible Business Conducts) အတွက် ခိုင်လုံမှုမရှိသော ပြောဆိုမှုများအဖြစ် နောက်ထပ်သက်အထောက်အထား တစ်ခုအဖြစ် သတ်မှတ်ရန်သာ ဖြစ်လာလိမ့်မည်။
စ။ ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပမည့် ILO နိုင်ငံတကာ အလုပ်သမားညီလာခံတွင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ အလုပ်သမားများ၏ အခြေခံအခွင့်အရေးများ ချိုးဖောက်နေသည့် မြန်မာစစ်တပ်ကို ဆက်လက်တာဝန်ယူပေးရန် ဆုံးဖြတ်ချက်ကို ထောက်ခံ ပေးရန်။
၁၀။ ILO ၏ အကြံပြုဆုံးဖြတ်ချက်သည် ခိုင်လုံသောအကာအကွယ်များနှင့် ကြားဝင် ဆောင်ရွက်ပေးမှု လိုအပ်နေသော အလုပ်သမားများကို တနည်းအားဖြင့် အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။ ILO အဖွဲ့ဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့များ၏ ညှိနှိုင်းဆောင်ရွက်မှု၊ စည်းကြပ်မှု၊ ပြတ်သားသည့် ဆုံးဖြတ်ချက်များချမှတ်ခြင်းဖြင့် စစ်အာဏာရှင်အား အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ပြင် အလုပ်သမားများ၏ အသံနှင့် သဘောထားဆန္ဒကို လေးစား ကြောင်းကိုလည်း ပြသရာ ရောက်ပါမည်။ ထိုနည်းဖြင့်သာ မြန်မာ့အထည်ချုပ်ကဏ္ဍတွင် အဓိပ္ပာယ် ပြည့်ဝပြီး ရေရှည်တည်တံ့သော တိုးတက်မှုများကို ရရှိနိုင်မည်ဖြစ်သည်။ မရေရာမှုများဖြင့် နှောင့်နှေးစေမှုများသည် အလုပ်သမားများ၏ ဆင်းရဲဒုက္ခကို ရှည်ကြာစေပြီး ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များ (Global Brands) အတွက် ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်စေနိုင်သည့် အန္တရာယ် များကို ပိုမိုကြုံတွေ့စေမည် ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM သည် မြန်မာနိုင်ငံအလုပ်သမားထုအတွက် တရားမျှတမှု၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးအတွက် အမှန်တကယ် ကတိကဝတ်ပြုကြောင်း ပြသသည့်အမှတ်တံဆိပ်များ (Brands)၊ သက်ဆိုင်သူ အားလုံးနှင့် အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဆက်သွယ်ရန်
ဒေါ်ခိုင်ဇာအောင် - ဥက္ကဌ
မြန်မာနိုင်ငံလုံး ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM)
https://www.facebook.com/IndustrialWorkersFederationOfMyanmar.IWFM/ မှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။