အာဏာသိမ်းနောက်ကြောင်းပြန်သည့်မည်သည့်အခြေအနေမျိုးကိုမဆို ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း ထုတ်ပြန်ကြေညာချက်။

အာဏာသိမ်းနောက်ကြောင်းပြန်သည့်မည်သည့်အခြေအနေမျိုးကိုမဆို ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း ထုတ်ပြန်ကြေညာချက်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အနေဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း၊ အစိုးရအသစ်ကို ကြိုဆိုထောက်ခံကြောင်းနှင့် အာဏာသိမ်း နောက်ကြောင်းပြန်သည့် မည်သည့်အခြေအနေမျိုးကိုမဆို ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင်လည်း အကြမ်းဖက်စစ်အုပ်စု၏ လုပ်ဆောင်ချက် သည် တိုင်းပြည်နှင့် နိုင်ငံသားအားလုံး လူမျိုးမရွေး  လူတန်းစားမရွေး၊ ဘာသာမရွေး သတ်ဖြတ်၊ ဖျက်စီး ခြင်းသာဖြစ်သည်ဟု ထပ်မံဖြည့်စွက်ပြောဆိုလိုပါသည်။

၎င်းတို့အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့်မရခြင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ အဖွဲ့- ILO ၌ ကိုယ်စားပြုခွင့်မရခြင်း၊  အာဆီယံအစည်းအဝေးများတွင် ပါဝင်ခွင့်မရခြင်း၊  အပြည်ပြည်ဆိုင်ရာမှ ဘဏ်များကို ပိတ်ဆို့ခံရခြင်း၊ စသည်တို့သည် စစ်အုပ်စု၏ အတင်းအဓမ္မအာဏာ လုယူမှု၏နောက်ဆက်တွဲ ရလဒ်များပင်ဖြစ်သည်။  ၎င်းတို့၏ ကျူးလွန်မှုများသည်  ပြည်သူများ အားလုံး ခံစားနေရသော ဆိုးကျိုးများပင် ဖြစ်သည်။

လက်ရှိအခြေအနေအရ တော်လှန်ရေးကာလသုံးနှစ်အတွင်းတွင် အကြမ်းဖက်စစ်အုပ်စုအနေ ဖြင့်စစ်ရေးအရရှုံးနိမ့်မှုများနှင့်သာရင်ဆိုင်နေရဆဲဖြစ်နေသည်။ ဒေသအသီးသီးရှိ တိုင်းရင်းသားလက် နက်ကိုင်များအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများအပေါ် လက်မခံဘဲနည်းမျိုးစုံ စစ်မျက်နှာဖွင့်ကာ အနိုင်ဆင်နွဲ၍ တိုက်ပွဲဝင်နေကြပါသည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် စစ်ရေးအရ အရေးနိမ့်နေသည့်အခြေအနေတွင် တရားမဝင် ရွေးကောက်ပွဲကို လုပ်ကြံဖန်တီး၍ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။ သို့သော် စစ်ရေးရှုံးနိမ့်မှု၊ နိုင်ငံရေးအရ လက်မခံမှုများအရ တိုင်းရင်းသားပြည်သူများ ပါဝင်ကိုယ်စားပြုခြင်းမရှိသည့် တရားမဝင် ရွေးကောက်ပွဲ လုပ်ကြံဖန်တီးမှုများကို  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- CTUM အနေဖြင့် ဆက်လက် ဆန့်ကျင် တော်လှန်နေမည်ဖြစ်ပါသည်။

စစ်အာဏာရှင်စနယ်ကို ဖယ်ရှားပြီး  ဖယ်ဒရယ် ဒီမိုကရေစီ စနစ်ရရှိသည်အထိ    ပြည်သူများနှင့် တသားထဲ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM

Source >>> https://m.facebook.com/story.php?story_fbid=pfbid02UTUKhTbfhX52b2T9BrzAy2yN1pLKyo5WW4wYCeV72yewNZFFcvNK3ncVUWeA76iBl&id=100069598973140&mibextid=Nif5oz